ပါကစ္စတန်နောက်ဘက်၌ အအေးဒဏ်လွန်ကဲသဖြင့် ၂၁ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံအနောက်ဘက် မာရီးမြို့ကို နှင်းတွေနဲ့ပျော်ပါးဖို့ သွားခဲ့တဲ့ ထောင်ချီတဲ့ ခရီးသည်တွေဟာ ဆီးနှင်းအကျလွန်မှုကြောင့် လမ်းမှာပိတ်မိခဲ့တဲ့အပြင် အအေးလွန်ပြီး လူ ၂၁ ဦး သေဆုံးခဲ့ပါတယ်။
မာရီးမြို့ဟာ အစ္စလာမာဘတ်မြို့တော် အရှေ့မြောက်ဘက် မိုင် ၄၀ အကွာမှာရှိပြီး ထူထပ်စွာ ကျနေတဲ့ နှင်းတွေထဲမှာ ကားအစီး ၁၀၀၀ နီးပါး ပိတ်မိနေတာပါ။
ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးက “တောင်ကုန်းမြို့လေးပေါ် တက်တဲ့လမ်းမှာ ကားအစီး ၁၀၀၀ လောက် ပိတ်နေတာ။ တခြားလမ်း မရှိပါဘူး။ အနီးအနားက လူတွေက စောင်တွေ အစားအစာတွေ လာကူကြပါတယ်။ အအေးဒဏ်လွန်ကဲလို့ ကားထဲမှာ ၂၁ ယောက်လောက် ဆုံးသွားတယ်။ စစ်တပ်နဲ့ သက်ဆိုင်ရာအဖွဲ့တွေက အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်နေတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက မာရီးမြို့ပေါ် နှင်းတွေပုံမှန်ကျနေတာက တိုးရစ်တွေကို ဆွဲဆောင်နေပါတယ်။
ပြည်တွင်းပြည်ပ ခရီးသွားတွေ လာရောက်ကြည့်မှုများပြားပြီး ဒီဇင်ဘာ ၈ ရက်နေ့က ဆီးနှင်းလွန်ကဲပြီး ပိတ်မိသွားတာပါ။