close

ဘင်္ဂလားဒေ့ရှ်က ကြက်သွန်နီတင်သွင်းအခွန်တိုးကောက်၊ မြန်မာကုန်သည်များ အရှုံးပေါ်

ဘင်္ဂလားဒေ့ရှ်အစိုးရက ပြည်ပကနေတင်သွင်းတဲ့ ကြက်သွန်နီတင်သွင်း အခွန် တိုးမြှင့်ကောက်ခံနေတဲ့အတွက် မြန်မာကုန်သည်တွေ အရှူံးနဲ့ ရင်ဆိုင်နေရပြီး ကြက်သွန်နီတင်ပို့မှု ကျဆင်းနေပါတယ်။

အခုပွင့်လင်းရာသီ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြက်သွန်စိုက်ပျိုးကြတဲ့ တောင်သူတွေ စျေးကောင်းရအောင် ပြည်ပက တင်သွင်းလာကြတဲ့ ကြက်သွန်တွေကို အခွန်အခတွေတိုး ကောက်တာဖြစ်တာလို့ မောင်တောနယ်စပ်က မြန်မာကုန်သည်တွေ အရှုံးနဲ့ ရင်ဆိုင်နေကြတာပါ။ 

မောင်တောနယ်က ကုန်သည်ကြီးတစ်ဦးက "သူတို့နိုင်ငံမှာလည်း ကြက်သွန်နီထွက်တဲ့ရာသီဆိုတော့ သူတို့နိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်တဲ့တောင်သူတွေစျေးကောင်းရဖို့ ပြည်ပကဝင်လာတဲ့ကြက်သွန်တွေကို အခွန်မြင့်တင်ပြီး သူတို့နိုင်ငံရဲ့ စိုက်ပျိုးရေးတောင်သူတွေကိုဦးစားပေးတဲ့သဘောပါ။"လို့ ပြောပါတယ်။

အရင်က ကြက်သွန် ၁  ကီလိုကို ဘင်္ဂလား တာကာငွေ ၃ တာကာ အခွန်ကောက်ခံခဲ့ရာက အခုအခါ  တကီလိုကို တာကာ ၅ တာကာ အထိတိုးမြှင့်ကောက်ခံနေတာလို့သိရပါတယ်။

မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌ ဦးအောင်စံသိန်းက "ကုန်သည်တွေကတော့ အကျိုးအမြတ်မရှိဘဲ ဘယ်လို့မှမပို့နိုင်ဘူးလေ။ ဟိုဘက်မှဈေးနှုန်းကောင်းရင် ပို့ကြမှာပါ။ တစ်ဘက်ဘင်္ဂလားဒေ့ရှ်မှာလည်း  ကုန်သည်တွေမှာ ၆ ဦးကော်မတီအဖွဲ့တွေ ဖွဲ့ထားတာ တွေရှိတယ်လို့သိရတယ်။ သူတို့ ၆ ဦးကော်မတီအဖွဲ့တွေက ဒီဘက်က ကြက်သွန်တွေပို့တာ များလာရင် စျေးကစားလိုက်တယ်။ ဒီဘက်က ကုန်သည်တွေက အကျိုးအမြတ်တွေ မျှော်မှန်းပြီး ပြည်မက ကြက်သွန်ပွဲရုံတွေနဲ့ချိတ်ဆက်ပြီး ပိဿာချိန် သိန်း၊ သောင်းချီပြီးကြိုတင်မှာထား ရတာတွေရှိတယ်။ လမ်းခရီးလာရင်းနဲ့ ဟိုဘက်က စျေးကစားလိုက်တော့ ကြက်သွန်ကုန်သည်တွေအနေနဲ့ ဈေးများနေကြတာတွေနေရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ-ဘင်္ဂလား နယ်စပ်ကုန်သွယ်မှု မြင့်လာစေဖို့ မြန်မာဘက်က ရောင်းသူစျေးကွက် ပေါ်ပေါက်လာအောင် ဖော်ဆောင်နိုင်ပါက ကုန်သည်တွေ အဆင်ပြေနိုင်ကြမယ်လို့  ကုန်သည်တွေက သုံးသပ်ထားပါတယ်။

"ဟိုဘက်က ကုန်သည်တွေ ဒီဘက်ကိုလာပြီး ဝယ်ယူနိုင်ကြဖို့ ဖန်တီးပေးနိုင်ရင် ကုန်သည်တွေအကျိုးရှိမှာပါ။ အခုက သူများနိုင်ငံကို သွားရောင်းရတာဆိုတော စျေးနှိမ်ခံရရင်လည်း ဒီဘက်ကိုပြန်သယ်ဖို့ကမလွယ်တော အဆင်ပြေသလိုလုပ်ဆောင်နေကြရတာဆိုတော ဒီဘက်က ကုန်သည်တွေ အနာခံနေကြရတာပါ။" လို့ နယ်စပ်ကုန်သည်ကြီး တဦးက ပြောပါတယ်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှိနိုင်ငံသို့ ကြက်သွန်နီ ကီလို ၁,၈၇၈,၀၀၀ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၁၃,၃၆၀ တန်ဖိုးအထိတင်ပို့ထား ကြောင်း မောင်တောကုန်သည်ကြီးတွေရဲ့ စာရင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up