စီရော်နယ်ဒို ဒဏ်ရာအခြေအနေ စိုးရိမ်စရာမလိုကြောင်း နည်းပြ ရင်းနစ်ခ်ပြော

တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ ဒဏ်ရာအခြေအနေက စိုးရိမ်စရာမလိုကြောင်း မန်ယူနည်းပြ ရင်းနစ်ခ်က အတည်ပြုသွားပါတယ်။
ရော်နယ်ဒိုဟာ အက်စ်တွန်ဗီလာနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်ကို တင်ပါးကြွက်သားဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ဒဏ်ရာဟာ အသေးစားဒဏ်ရာဖြစ်ပြီး အက်ဖ်အေဖလားပွဲစဉ်မှာ စွန့်စားပြီး အသုံးမပြုလိုတာကြောင့် အနားပေးခဲ့တာလို့ နည်းပြ ရင်းနစ်ခ်ကပြောပါတယ်။
“သူနဲ့ မနေ့က လေ့ကျင့်ရေးအစီအစဉ်မတိုင်ခင် စကားပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဒဏ်ရာအခြေအနေက ပြဿနာတချို့ရှိခဲ့တယ်လို့သူက ပြောခဲ့တယ်။ အပေါ့စားဒဏ်ရာပါ။ နောက်ဆုံးမှာတော့ ဒဏ်ရာအရှင်းမပျောက်သေးဘဲ စွန့်စားပြီး အသုံးမပြုချင်လို့ သူ့ကို အနားပေးဖို့ ကျနော်တို့ဆုံးဖြတ်ခဲ့တာပါ။”
ဒါဟာ အသင်းဟောင်းဆီ ပြန်လာပြီးနောက်ပိုင်း စီရော်နယ်ဒိုအတွက် ဒဏ်ရာပြဿနာကြောင့် ပွဲစဉ်တစ်ပွဲကို ပထမဆုံးအကြိမ် လွဲချော်ခဲ့တာဖြစ်ပါတယ်။