close

ရခိုင်ရိုးမသို့ တောင်ယာခုတ်၊ ဝါးခုတ်သွားမည့်သူများ နေ့ချင်းပြန် ထောက်ခံစာ ယူရမည်

ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်အတွင်းက ဝါးခုတ်၊ သစ်ခုတ်၊ တောင်ယာလုပ်စတဲ့ ရိုးမပေါ် မှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ပြည်သူတွေကို ဇန်နဝါရီ ၁၆ ရက် နောက်ဆုံးထားပြီး ရိုးမအတွင်းကနေ ထွက်ခွာဖယ်ရှားပေးဖို့ စစ်ကောင်စီက ကျေးရွာအုပ်စုတွေရှိ အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားပါတယ်။

အမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက​ “ခုလ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး ရွာတွေထဲ ပြန်နေရမယ်။ အလုပ်သွားလုပ်ချင်ရင် အုပ်ချုပ်ရေးမှူးတွေထံမှာ နေ့ချင်းပြန် ထောက်ခံစာယူပြီး သွားရမယ်။ စစ်တပ်က စစ်ကြောင်းသဘောမျိုးနဲ့ နယ်မြေရှင်းလင်းရေး လုပ်မယ့်သဘော” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ငါးသိုင်းချောင်း၊ သာပေါင်း၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း စတဲ့မြို့နယ်ဒေသတွေဟာ ရခိုင်ရိုးမနဲ့ ဆက်စပ်နေပြီး အခြေခံလူတန်းစား အများစုဟာ ဝါးခုတ်၊ သစ်ခုတ်၊ တောင်ယာလုပ်စတဲ့အလုပ်တွေကို ရခိုင်ရိုးမကို မှီခိုလုပ်ကိုင် စားသောက်နေကြတာပါ။

ရခိုင်ရိုးမက ဧရာ၀တီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာဖြစ်ပြီး ရိုးရိုးသားသားတောင်ယာလုပ်ကြတဲ့ ဒေသခံတွေလည်းရှိသလို တရားမ၀င် သစ်ခိုးထုတ်တာ၊ ဝါးခုတ်၊ ကြိမ်ခုတ်လုပ်ငန်းတွေကို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းနဲ့ နီးစပ်သူတွေက နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြတာလည်းရှိပါတယ်။

အန်အယ်လ်ဒီအစိုးရ လက်ထက်မှာတော့ ပဲခူးတိုင်းနဲ့ မကွေးတိုင်းတွေက လွှတ်တော်ကိုယ်စားလှယ်တွေဦးဆောင်ပြီး တရားမ၀င် သစ်ခိုးထုတ်တဲ့ လုပ်ငန်းတွေကို ဖမ်းဆီးခဲ့သလို ရခိုင်ရိုးမနဲ့ ပဲခူးရိုးမက သစ်ခိုးထုတ်လမ်းတွေကိုလည်း လိုက်လံဖျက်ဆီး ပိတ်ပင်ခဲ့ကြကာ ပဲခူးရိုးမကို တရားဝင်သစ်ခုတ်ခွင့် ၁၀ နှစ်၊ ရခိုင်ရိုးမကို သစ်ခုတ်ခွင့် ၁ နှစ်ပိတ်ထားခဲ့ပါတယ်။ 

ဒါပေမဲ့ ကိုဗစ်ကာလနဲ့ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ တရားမဝင် သစ်ခိုးခုတ်တာတွေ အဆမတန်များလာခဲ့ပြီး အများစုက စစ်တပ်နဲ့ပတ်သက်သူတွေ ဖြစ်နေတာကို တွေ့နေရတယ်လို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တယောက်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up