close

ပရဟိတဆရာဝန် ဒေါက်တာချမ်းမြေ့အောင်ကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်၊ ကျိုက်မရော ထောင်သို့ ပို့ဆောင်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ပရဟိတဆရာဝန် ဒေါက်တာချမ်းမြေ့အောင်ကို စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ပြီး ကျိုက်မရောဗဟိုအကျဉ်းထောင်သို့ ပို့ဆောင်ထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက  ပြောပါတယ်။

ဒေါက်တာချမ်းမြေ့အောင်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆီကနေ ငွေတိုက်စာချုပ် ဝယ်ယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက် တုန်းက မော်လမြိုင်ငွေမိုးဆေးရုံမှာ စစ်ကောင်စီက လာရောက် ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက်မှာတော့ မော်လမြိုင်မြို့မရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးပြီး အထောက်အထား တစ်စုံတစ်ရာ မတွေ့လို့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်တွေကို ပြန်လည် မျှဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မ  ၅၀၅(က)နဲ့ အမှုဖွင့်လိုက်တာပါ။

လက်ရှိမှာတော့ ဒေါက်တာချမ်းမြေ့အောင်ကို ကျိုက်မရောဗဟိုအကျဉ်းထောင်သို့ ပို့ဆောင်ထားပြီး တရားလိုကို စတင်စစ်ဆေးဖို့ စစ်ကောင်စီဘက်က လုပ်ဆောင်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဒေါက်တာချမ်းမြေ့အောင်ဟာ ကိုဗစ်ကပ်ရောဂါကာလတွေတုန်းက နယ်လှည့်ပြီး ဆေးကုသပေးခဲ့သလို မော်လမြိုင်က သာသနာနွယ်ဖောင်ဒေးရှင်း ဇီဝိတဒါနဆေးခန်းမှာ အခမဲ့ဆေး ကုသပေးနေတာပါ။

စစ်ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာချမ်းမြေ့အောင်ဟာ ပြီးခဲ့တဲ့ ၃ နှစ်ကျော်ကမှ စစ်တပ်ကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပြီး၊  အခုအခါမှာတော့ ပရဟိတဆရာဝန် တစ်ဦးအဖြစ် ရပ်တည်နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up