ကိုဗစ်နှင့် ဒဏ်ရာပြဿနာကြောင့် စပါးနှင့်ပွဲကို ရွှေ့ဆိုင်းပေးရန် အာဆင်နယ် တောင်းဆို

အာဆင်နယ်အသင်းဟာ ကိုဗစ်နဲ့ ဒဏ်ရာပြဿနာတွေကြောင့် စပါးနဲ့ ကစားရမယ့် ပရီးမီးယား လိဂ်ပွဲစဉ်ကိုရွှေ့ဆိုင်း ပေးဖို့တောင်းဆိုထားပါတယ်။
အာဆင်နယ်နဲ့ စပါးတို့ရဲ့မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို တနင်္ဂနွေနေ့ ည ၁၁ နာရီမှာ ကစားရမှာပါ။ အာဆင်နယ်အသင်းဟာ လစ်ဗာပူးနဲ့ ကရာဘောင်ဖလားပွဲစဉ်မှာ နောက်ခံလူ ချန်ဘာ၊ တီယာနေးလ်၊ ဆီဒရစ်နဲ့ ဆာကာတို့ ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
အဲဒီပွဲမတိုင်ခင် ကိုဗစ်စစ်ဆေးမှုမှာလည်း ကွင်းလယ်လူ အိုဒီဂတ်မှာ ကိုဗစ်ပိုးတွေ့ခဲ့တာကြောင့် သီးသန့်နေထိုင်နေရပါတယ်။
ဒဏ်ရာနဲ့ကိုဗစ်တွေ့တဲ့ ကစားသမားစုစုပေါင်း ၈ ဦးရှိပြီး ကွင်းလယ်လူ ချာကာကလည်း အနီကတ်ပြပြီး ဒဏ်ကြောင့် ၂ ပွဲ ပွဲပယ်ခံထားရသလို အာဖရိကဖလားပြိုင်ပွဲအတွက် ကစားသမား ၄ ဦး စေလွှတ်ပေးထားရတာပါ။
ပရီးမီးယားလိဂ်ဘက်ကတော့ အာဆင်နယ်ရဲ့ တောင်းဆိုချက်ကို လိုက်လျောမလားဆိုတာ စနေနေ့မှာ ဆုံးဖြတ်သွားမယ်လို့သိရပါတယ်။
ပရီးမီးယားလိဂ်စည်းမျဉ်းအရတော့ ဂိုးသမားအပါအဝင် ပထမအသင်း ကစားသမား ၁၃ ဦးရှိရင် ပွဲကစားရမယ်လို့ သတ်မှတ်ထားပါတယ်။