အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်ပြီး ဆီနီဂေါကစားသမား ဂူယီ ပွဲကစားခွင့် ပိတ်ပင်ခံရ

အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး ဆီနီဂေါ ကွင်းလယ်လူ ပါပေဂူယီကို ဖီဖာက ပွဲကစားခွင့် ပိတ်ပင်လိုက်ပါတယ်။
ဆီနီဂေါအသင်းနဲ့အတူ အာဖရိကဖလားယှဉ်ပြိုင်ကစားနေတဲ့ ဂူယီဟာ ဇင်ဘာဘွေနဲ့ အဖွင့်ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပေမယ့် ဂူနီယာနဲ့ပွဲမှာတော့ ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။
ပါပေဂူယီဟာ ၂၀၂ဝ ပြည့်နှစ် ဇူလိုင်လက ပြင်သစ်ဒုတိယကလပ် လီဟတ်ယီ အသင်းကနေ ဝက်ဖို့ဒ် အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။
ဝက်ဖို့ဒ်အသင်းက တရားဝင်သတင်းထုတ်ပြန်ပြီး ၁၇ နာရီအကြာမှာ ပဲ မာဆေးအသင်းဆီ ထပ်မံပြောင်းရွှေ့သွားခဲ့တာပါ။
ဂူယီဟာ ဝက်ဖို့ဒ်နဲ့ တစ်ပတ်လုပ်ခပေါင် ၄ သောင်းခွဲနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ၁၇ နာရီအကြာမှာ မာဆေးနဲ့ စာချုပ်ထပ်ချုပ်ခဲ့တဲ့အပေါ်မှာ ဖီဖာက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ။
ဆီနီဂေါနည်းပြ ဆစ်စီကလည်းအတည်ပြုခဲ့ပြီး ဝက်ဖို့ဒ်ကနေ မာဆေး အသင်းဆီအပြောင်းရွှေ့မှာ ပြဿနာတွေရှိခဲ့လို့ ဖီဖာက ပွဲပယ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဝက်ဖို့ဒ်အသင်းဘက်က လျော်ကြေးတစုံတရာ ရယူလိုနေတယ်လို့ သိရပါတယ်။