ကမ္ဘာ့ကပ်ရောဂါကာလအတွင်း တရုတ်ကုန်သွယ်မှု စံချိန်တင်မြင့်

ကမ္ဘာ့ကပ်ရောဂါဘေးကာလအတွင်း တရုတ်ရဲ့ ကုန်သွယ်မှုပိုငွေ ပမာဏဟာ မျှော်မှန်းထားတာထက် ပိုပြီး စံချိန်တင်မြင့်မားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၁ ရဲ့ ပိုငွေပမာဏက အမေရိကန်ဒေါ်လာ ၆၇၆ ဒသမ ၄ ဘီလီယံရှိပြီး ၁၉၅၀ ကတည်းကဆိုရင် အမြင့်ဆုံးစံချိန်ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလရဲ့ ကုန်သွယ်မှုလက်ကျန်ပမာဏဟာ ဒေါ်လာ ၉၄ ဘီလီယံထိ ရှိပြီး အမြင့်မားဆုံး စံချိန်တခုပါ။ ကုန်သွယ်မှုမြင့်မားမှုကြောင့် ယွမ်ငွေတန်ဖိုးလည်း နှစ်လဆက်တိုက် အားကောင်းနေပါတယ်။
တရုတ်ရဲ့ ပိုငွေပမာဏစုစုပေါင်းရဲ့ သုံးပုံတပုံဟာ အမေရိကန်တနိုင်ငံတည်းကနေ ရရှိတာကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးစစ်ပွဲအပြီး ကုန်သွယ်မှု တိုးတက်တဲ့အခြေအနေကို ဖော်ပြနေပါတယ်။
ဒါပေမဲ့ တရုတ်ရဲ့ အဲဒီပိုလျှံငွေကြောင့်ပဲ နှစ်နိုင်ငံကြား တင်းမာမှုတွေ ပြန်ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။
သုံးသပ်သူတွေက အိုမီခရွန်ဗိုင်းရပ်စ်ပြဿနာကြောင့် လာမယ့်လတွေမှာ နိုင်ငံတကာတင်ပို့မှု လုပ်ငန်းတွေ နှေးကွေးပြီး တရုတ်ပို့ကုန်ပမာဏ ပြန်ကျဆင်းသွားမယ်လို့ ထောက်ပြပါတယ်။ တရုတ်အိမ်ခြံမြေဈေးကွက်လည်း ဆက်လက်ထိခိုက်ဖွယ် ရှိနေပါတယ်။