close

မြဝတီမြို့ ကွမ်းခြံကွေ့အနီး ဂက်စ်တင်ကား ၂ စီးပစ်ခတ်ခံခဲ့ရ၊ တစ်ဦးသေဆုံးပြီး ယာဉ်တစ်စီး မီးလောင်

ဇန်နဝါရီ ၇ ရက်နေ့က ဓာတ်ငွေ့ရည် တင်ဆောင်လာတဲ့ တွဲကား ပစ်ခတ်ခံရပြီး မြင်တွေ့ရစဉ်

ကရင်ပြည်နယ် မြဝတီမြို့၊ ကွမ်းခြံကွေ့ (အာရှလမ်းမကြီး) အနီးမှာ ဇန်နဝါရီ ၁၆ ရက် နေ့လယ် ၁ နာရီလောက်က ဂက်စ်တင်ကား ၂ စီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ယာဉ်မောင်း ၁ ဦး သေဆုံးပြီး ယာဉ် ၁ စီး မီးလောင်ပျက်စီးခဲ့ပါတယ်။

မြဝတီမြို့ကနေ မောင်းနှင်လာတဲ့ ဂက်စ်တင်ယာဉ် ၂ စီးကို အမည်မသိ လက်နက်ကိုင်တွေက ကွမ်းခြံကွေ့အနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ယာဉ် ၁ စီး မီးလောင် ပျက်စီးပြီး၊ အခြားယာဉ်မောင်း ၁ ဦးဟာ သေနတ်ထိမှန် သေဆုံးခဲ့တယ်လို့ ခရီးသွားယာဉ်မောင်းတွေဆီက သိရပါတယ်။

အဆိုပါ ပစ်ခံခတ်ခဲ့ရတဲ့ ယာဉ်တွေဟာ မီးဖိုချောင်သုံး ဂက်စ်တွေ တင်ဆောင်လာတာဖြစ်သလို မီးလောင်ပျက်စီးခဲ့တဲ့ ယာဉ်တစီးဟာ AwRa Trading ကုမ္ပဏီပိုင်ယာဉ်ဖြစ်ပြီး ယာဉ်မောင်း ပစ်သတ်ခံရတဲ့ယာဉ်ဟာ တခြားကုမ္ပဏီပိုင်ဖြစ်တယ်လို့ AwRa Trading ကုမ္ပဏီ တာဝန်ရှိသူက ပြောပါတယ်။

“မီးလောင်သွားတဲ့ ၁ စီးက ကျနော်တို့ ကုမ္ပဏီက ကားမှန်ပါတယ်။ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ ကျနော်တို့ကိုယ်တိုင်လည်း မသိသေးဘူး။ ပထမ ပစ်ခတ်တိုက်ခိုက်တဲ့ အဖွဲ့တုန်းက လုပ်တဲ့အဖွဲ့က ကြေညာတာ တွေ့တယ်။ အခုကတော့ ဘယ်ကဆိုတာ မသိသေးဘူး။ သူတို့ ဘာကြောင့် ပစ်ခတ်နေတယ်ဆိုတာတော့ မသိဘူး။ ထမင်းချက်တဲ့ ဂက်စ်တွေပဲ တင်နေတာ။” 

အလားတူ ဇန်နဝါရီ ၇ ရက် ညနေ ၆ နာရီလောက်က ကော့ကရိတ်မြို့ ကျိုက်ဒုံလမ်းခွဲအနီး အာရှလမ်းမပေါ်မှာ AwRa Trading Co.,Ltd.(ThaiGas) ကုမ္ပဏီပိုင် ဓာတ်ငွေ့ရည် (LPGas) တင်ဆောင်လာတဲ့ တွဲကား ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် မီးလောင်ပျက်စီးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up