close

လက်ယက်မရွာသား ၃ ဦးအား စစ်ကောင်စီက သတ်ဖြတ်ပြီး လူ ၇၀ ခန့်ကို ဖမ်းဆီးနှိပ်စက်

မကွေးတိုင်းဒေသကြီး လက်ယက်မကျေးရွာမှာ ဇန်နဝါရီ ၁၆ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက မီးရှို့သတ်ဖြတ်သွားတဲ့ အလောင်း ၃ လောင်းတွေ့ရှိပြီး ဒေသခံ အမျိုးသား ၇၀ လောက်လည်း ဖမ်းဆီးနှိပ်စက်ခံခဲ့ရတယ်လို့ စစ်ကောင်စီလက်ထဲကနေ ပြန်လည်လွတ်မြောက်လာသူတွေဆီကနေ သိရပါတယ်။

လက်ယက်မကျေးရွာ သင်္ချိုင်းနားမှာ ဒီကနေ့မနက်ပိုင်းက မီးရှို့ သတ်ဖြတ်ခံထားရတဲ့ အလောင်း ၃ လောင်းတွေ့ရှိခဲ့ပြီး ဘယ်သူတွေဆိုတာကို အတိအကျ မသိရသေးလို့ စုံစမ်းနေတယ်လို့ စစ်ကောင်စီလက်ထဲက ပြန်လည်လွတ်မြောက်လာတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လက်ယက်မကျေးရွာကို အင်အား ၂၀၀ လောက်နဲ့ စစ်​ကြောင်းထိုးပြီး ဒေသခံပြည်သူ ၃၀၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးက အမျိုးသား ၇၀ လောက်ကို နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“သူတို့စစ်ကြောင်းထိုးလာတော့ ရွာကနေ ထွက်ပြေးသူကပြေး၊ ဘုန်းကြီးကျောင်းထဲမှာ ပုန်းသူကပုန်းနဲ့ပေါ့ဗျာ။ ဘုန်းကြီးကျောင်းက ၇ ကျောင်းရှိတာတိုတော့ ပြည်သူတွေကို ဖမ်းဆီးပြီး တစ်ကျောင်းတည်း ပေါင်းလိုက်ကြတယ်။ အဲဒီအဖမ်းခံရတဲ့ထဲကမှ အသက် ၅၀ ကျော် သက်ကြီးပိုင်းတွေကို သပ်သပ်၊ အမျိုးသမီးနဲ့ ကလေးတွေကို သက်သက်စီ ခွဲထုတ်ပြီးတော့ အသက် ၁၈ နှစ်ကနေ ၅၀ အထိ အမျိုးသား ၇ဝ လောက်ကို နှိပ်စက်ခဲ့ကြတာ။ အသက်ပြည့်တဲ့ အမျိုးသားတွေကို ရိုက်နှက်နှိပ်စက်တယ်၊ ဆေးလိပ်မီးတွေနဲ့ ထိုးတယ်၊ စစ်ဖိနပ်တွေနဲ့ ကန်တယ်။ PDF တွေ ဘယ်မှာရှိလဲ အမည်စာရင်းတွေနဲ့ မေးတယ်။ သူတို့ စိတ်မကြည်ရင် မကြည်သလို နည်းအမျိုးမျိုးနဲ့ နှိပ်စက်တယ်။ ကျနော်တို့ရဲ့ မျက်နှာတွေကိုလည်း နှာခေါင်းစည်းတွေနဲ့ အုပ်ထားတယ်” လို့ ပြန်လွတ်လာသူတဦးက ပြောပါတယ်။

ဘုန်းကြီးတွေက ဝင်ရောက်တားဆီးမှ နှိပ်စက်တာတွေ လျော့သွားပြီး PDF အဖွဲ့တွေ ထပ်ပြီးတော့ လှုပ်ရှားပါက စစ်ကြောင်းထပ်ထိုးပြီး ရွာလည်း ဒီထက်ပိုနာမယ်လို့ ခြိမ်းခြောက်သွားကြောင်း ဆိုပါတယ်။

“အဲဒီအဖမ်းခံရတဲ့ထဲက ၅ ယောက်ကိုတော့ စစ်ကောင်စီတပ်တွေက ခေါ်သွားကြတယ်ဗျ။ ဘယ်သူတွေဆိုတာကိုတော့ မသိရသေးဘူး။ ကျနော်တို့လည်း လွတ်လွတ်ချင်း ဘေးလွတ်ရာကို ထွက်ပြေးလာကြတာ” လို့ ပြန်လာလာသူက ပြောပါတယ်။

ဒီနောက် စစ်ကောင်စီတပ်တွေဟာ လက်ယက်မရွာကနေ တပ်ဆုတ်သွားပြီးနောက် မနေ့က ပေါင်းတည်ကျေးရွာမှာ ညအိပ်စခန်းချကာ ပေါင်းတည်ရွာတောင်ဘက်က ကျေးရွာတွေကို ဆက်ထွက်သွားတယ်လို့ စုံစမ်းသိရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်ထဲက ကျေးရွာအများအပြားကို ဝင်မွှေပြီး နေအိမ်တွေ၊ တဲတွေနဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကို ခိုးယူတာတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်သွားကြတယ်လို့ ပြောပါတယ်။

မြိုင်မြို့နယ်ကို စစ်ကောင်စီတပ်တွေဟာ အင်အားအလွန်အကျွံသုံးပြီး စစ်ကြောင်း ၅ ကြောင်းလောက်နဲ့ ထိုးစစ်ဆင်နေတာကြောင့် ကျေးရွာ ၁၀ ရွာကျော်လောက်က ဒေသခံပြည်သူ ၂၀၀၀၀ နီးပါးလောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up