close

တိုက်ပွဲကြောင့် သောင်ရင်းမြစ်ကမ်းက ယာယီစစ်ရှောင်များ မြဝတီမြို့ဘက်သို့ ပြောင်းရွှေ့

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းစပ် စစ်ဘေးရှောင်တွေ ယာယီနေထိုင်တဲ့အနီး တိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်ဘေးရှောင်သူ ၄၀၀ လောက် ဇန်နဝါရီ ၁၅ ရက်မှာ မြဝတီမြို့ဘက်ကို ပြောင်းရွှေ့သွားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးလေးရွာမှာ KNLA၊ PDF၊ DKBA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဇန်နဝါရီလ ၁၄ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ-ထိုင်း နယ်စပ် သောင်ရင်းမြစ်ကမ်းစပ်မှာ ယာယီခိုလှုံနေကြတဲ့ စစ်ဘေးရှောင်သူတွေ နေရာထပ်မံ ရွှေ့ပြောင်းခဲ့ရတာပါ။

စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက် ခိုက်ခဲ့သလို လေကြောင်းကနေလည်း ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့  DKBA စခန်းတခု လက်လွှတ်ခဲ့ရသလို တပ်သားတချို့ သေဆုံးဒဏ်ရာရခဲ့တာလည်း ရှိပါတယ်။ 

မြဝတီမြို့နယ်  မဲ့ထော်သလေးရွာ၊ မင်းလက်ပံရွာ၊ ဖလူးကြီးရွာ၊ ဖလူးလေးရွာ၊ ထီးမဲ့ဝါးခီးရွာ၊ လေးကေ့ကော်ရွာ၊ ပဟိကလော့်ရွာ၊ အင်ကြင်းမြိုင်ရွာ၊ ရသေ့ဂူရွာနဲ့ တောင်ယာတွေမှာ နေထိုင်ခဲ့ကြတဲ့ တောင်သူတွေဟာ တိုက်ပွဲမရှိတော့ရင် မိမိနေရပ်ရွာကို ပြန်ချင်နေကြပါတယ်။

တိုက်ပွဲကြောင့် ထားပစ်ခဲ့ရတဲ့ အိမ်တွေကို အခြေအနေပြန်ကြည့်လိုသူတွေ ပိုများလာတယ်လို့ လည်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(ဗဟို) တာဝန်ရှိသူက ပြောပါတယ်။

မဲ့ထော်သလေးရွာနဲ့ အင်ကြင်းမြိုင်ရွာက စစ်ဘေးရှောင်သူတွေဟာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဘာသာရေး အဆောက်အအုံတွေမှာ ယာယီနေထိုင်ကြပြီး ဒီရက်ပိုင်းမှာပဲ မိမိအိမ်ကို ပြန်လည် ပြောင်းရွှေ့ နေထိုင်နိုင်ရေးအတွက် ရပ်ကွက်သူကြီးတွေက စီစဉ်ပေးနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်က မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်ငြိမ်းချမ်းရေးမြို့သစ်ကို စစ်ကောင်စီဘက်က ကျူးကျော်ဝင်ရောက်လာပြီးနောက် ဒီဒေသတွင်းမှာ တိုက်ပွဲတွေ တလနီးပါး ဆက်ဖြစ်နေတာဖြစ်ပြီး စစ်ပြေးရှောင်ပြည်သူ ၁၅,၀၀၀ လောက်ရှိနေပြီလို့ ကေအန်ယူ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဟာဝမ်းတိုက်နယ်၊ မဲ့ကုကင်းရွာ၊ နွားတင်းကုတ် ယာယီစစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့  စစ်ရှောင်သူဦးရေလည်း  ၃၀၀၀ လောက် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up