ကာဇက်စတန်ဆန္ဒပြပွဲ၌ လူ ၂၂၅ ဦးအား လုံခြုံရေးအဖွဲ့က သတ်ခဲ့ဟု ရာဇဝတ်မှုဆိုင်ရာ အကြီးအကဲပြော

ပြီးခဲ့တဲ့အပတ်က ကာဇက်စတန်မှာ ဆန္ဒပြမှုတွေနဲ့ မငြိမ်သက်မှုတွေ ဖြစ်ခဲ့ပြီးနောက် လုံခြုံရေးရဲ ၁၉ ဦး အပါအဝင် လူ ၂၂၅ ဦး ရဲ့ အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ရှေ့နေချုပ်ရုံးက ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သေဆုံးသူ အများစုက ဆန္ဒပြအရပ်သားတွေဖြစ်ပြီး လုံခြုံရေးအဖွဲ့တွေက သတ်ခဲ့တာလို့ ရာဇဝတ်မှုဆိုင်ရာ အကြီးအကဲ Serik Shalabayev က ပြောပါတယ်။
ဒီလအစောပိုင်း ကာဇက်စတန်မှာ လောင်စာဆီဈေးမြင့်တက်မှုကြောင့် ဆန္ဒပြမှုတွေ ဖြစ်ရာကနေ ဇန်နဝါရီ ၅ ရက်မှာ လူ ၅၀,၀၀၀ ကျော် ပါဝင်လာပြီး သမ္မတအိမ်တော်နဲ့ အစိုးရ အဆောက်အအုံတွေ၊ ဘဏ်တွေ၊ ကားတွေ၊ ဈေးဆိုင်တွေကို မီးရှို့ခဲ့ပါတယ်။
နိုင်ငံတည်ထောင်သူ သမ္မတ နာဆူလလ်တန် ရဲ့ ရုပ်တုကိုလည်း ဖြိုချခဲ့ပါတယ်။
ယာယီသမ္မတက တိုကာယက်ဗ်က ရုရှားဦးဆောင်တဲ့ တပ်တွေကို ခေါ်သွင်းပြီး နှိမ်နင်းခဲ့တာ ကြောင့် ဆန္ဒပြသူ ၅၀၀၀ ကျော် အဖမ်းခံရပြီး ၂၂၅ ဦး သေဆုံးခဲ့တာပါ။