close

ရုရှားထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၅ သိန်းကျော် ဒုတိယအသုတ် ထပ်မံရောက်ရှိ

ရုရှားနိုင်ငံကနေ Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး ၅၁၂,၀၀၀ ဒုတိယအသုတ်အနေနဲ့ ထပ်မံရောက်ရှိလာတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကတော့ ပထမအသုတ်အနေနဲ့ ကာကွယ်ဆေး ၄၈၈,၀၀၀ ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရုရှားနိုင်ငံကနေ အဆိုပါ Sputnik Light ကိုဗစ်-၁၉ ကာ ကွယ်ဆေး ၆ သိန်း ဝယ်ယူထားခဲ့ပြီး ရုရှားက လှူဒါန်းတဲ့ ကာကွယ်ဆေး ၄ သိန်းနဲ့ စုစုပေါင်း ကာကွယ်ဆေး ၁ သန်း မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီလို့ ဆိုပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ရုရှားနိုင်ငံထုတ် Sputnik Light ကာကွယ်ဆေးတွေဟာ လူတယောက်ကို တစ်ကြိမ်သာ ထိုးနှံပေးဖို့ လိုအပ်ပြီး မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ပိုမိုလျင်မြန်စွာ လွှမ်းခြုံနိုင်ရေးအတွက် များစွာအထောက်အကူပြုမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လတ်တလော မြန်မာပြည်သူတွေကြားမှာတော့ စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မယ်လို့ ပြောထားတာပါ။

လတ်တလောအချိန်ထိ တိုင်းဒေသကြီး နဲ့ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးတည်အုပ်စုတွေအလိုက် ထိုးနှံပေးနေပြီး ဇန်နဝါရီ ၁၅ ရက်အထိ ကာကွယ်ဆေး ၁ ကြိမ် ထိုးနှံပြီးသူ ၃ ဒသမ ၈ သန်းကျော်၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ  ၁၇ ဒသမ ၅၅ သန်းကျော်နဲ့ စုစုပေါင်း ၂၁ ဒသမ ၃၆ သန်းကျော်ရှိခဲ့ပြီလို့ ဖော်ပြထားပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့တော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဝယ်ယူခြင်းမှ ၄၅ သန်းနဲ့ လှူဒါန်းမှုမှ ၁၄ ဒသမ ၁ သန်း၊ စုစုပေါင်း ၅၉ ဒသမ ၁ သန်းလောက် ရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up