close

အာဆင်နယ်နှင့်ပွဲ ရွှေ့ဆိုင်းခဲ့မှု ဘက်လိုက်မှုရှိနေဟု စပါးအသင်း ဝေဖန်

ဇန်နဝါရီ ၁၆ ရက် ဒီနေ့ည ၁၁ နာရီမှာ ကစားရမယ့် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့တဲ့အပေါ် စပါးအသင်းက ကြေညာချက်ထုတ်ပြန်ပြီး ဝေဖန်သွားပါတယ်။ 

အာဆင်နယ်အသင်းဟာ ကိုဗစ်ပိုးကူးစက်မှု၊ ဒဏ်ရာအခြေအနေ၊ ပွဲပယ်ပြစ်ဒဏ်နဲ့ အာဖရိကဖလား ကို စေလွှတ်ပေးရသူတွေရှိတာကြောင့် စပါးနဲ့ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ ပရီးမီးယားလိဂ်ကို တောင်းဆိုခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်ဘက်က လိုက်လျောပေးခဲ့ပြီးတဲ့နောက်မှာ စပါးအသင်းက မကျေမနပ်ဖြစ်ခဲ့ပြီး ဘက်လိုက်မှုတွေရှိနေတယ်လို့ ကြေညာချက်ထုတ်ပြန်သွားခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်မှာ ပွဲရွှေ့ဆိုင်းပေးရတဲ့ အဓိကရည်ရွယ်ချက်က ကိုဗစ်ကူးစက်မှုတွေ များနေတာကြောင့် ဆိုတဲ့အချက်ကသာ အဓိကဖြစ်ပြီး ဒဏ်ရာနဲ့ ပွဲပယ်ပြဿနာတွေက ပွဲရွှေ့ဆိုင်းတဲ့ကိစ္စနဲ့ မသက်ဆိုင်သင့်ကြောင်း စပါးအသင်းက ဝေဖန်ပါတယ်။ 

အာဆင်နယ်အနေနဲ့ ကစားသမားတွေ ဗစ်ကူးစက်ခံရတာကြောင့် ပွဲရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့တာလို့ မယုံကြည်ကြောင်း၊ ပွဲရွှေ့ဆိုင်းတဲ့စည်းမျဉ်းဟာ တသမတ်တည်းရှိဖို့လိုပြီး လျှော့လိုက်တင်းလိုက် မဖြစ်သင့်ကြောင်း စပါးအသင်းက ဝေဖန်သွားပါတယ်။ 

အာဆင်နယ်မှာ အိုဒီဂတ်တစ်ဦးသာ ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်လို့သိရပြီး တခြားကစားသမား ၁ဝ ဦးလောက်က ဒဏ်ရာနဲ့ ပွဲပယ်ပြဿနာတွေရှိတာကြောင့် ကစားသမားမလုံလောက်တဲ့ ပြဿနာရှိခဲ့တယ်လို့ ဆိုကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up