close

ဆိုးရွားလာသည့် မြန်မာ့အခြေအနေအား တားဆီးနိုင်ရေးကူညီရန် ထိုင်းကို ကုလကိုယ်စားလှယ် တိုက်တွန်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ထိုင်းဝန်ကြီးချုပ်နဲ့ ဇန်နဝါရီ ၁၇ ရက်မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ပိုမိုယိုယွင်းလာနေတဲ့အခြေအနေကို တားဆီးနိုင်ဖို့ ထိုင်းနိုင်ငံအနေနဲ့ ကူညီပံ့ပိုးမှုတွေ ပိုလုပ်ပေးပါလို့ တောင်းဆိုခဲ့ပါတယ်။

ဘန်ကောက်မြို့မှာ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ နဲ့တွေ့ဆုံရာမှာ ကုလသံတမန် မစ္စနိုလင်း ဟေဇာက မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ထိုင်းနယ်စပ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ထိုင်းဘက်က အကာကွယ်ပေးတာ ကြိုဆိုလက်ခံကြောင်းပြောပြီး၊ အာဆီယံအဖွဲ့ ချမှတ်ထားတဲ့ မူဝါဒ ၅ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို မြန်မာစစ်တပ်အပေါ် ပိုပြီးတွန်းအားပေးလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

နှစ်ဦးတွေ့ဆုံမှုကို ကြေညာချက်ထုတ်ပြန်ရာမှာ ဝန်ကြီးချုပ်ပရာယွက်က ထိုင်းနယ်စပ်တလျှောက်မှာ လူသားချင်းစာနာထောက်ထားတဲ့ စခန်းနေရာတွေ ထူထောင်ထားပြီး ဖြစ်တယ်၊ အကယ်၍ မြန်မာဘက်က အခြေအနေတည်ငြိမ်ရင် သို့မဟုတ် လိုလိုလားလားပြန်ချင်ကြရင် ဒုက္ခသည်တွေကို ပြန်ပို့မယ်လို့ ‌ပြောထားပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာစစ်တပ်နဲ့ ကာလရှည်ကြာတဲ့ ဆက်ဆံရေး ရှိနေတာပါ။ တဖက်မှာ ထိုင်းက အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံပေမဲ့လည်း ဒုက္ခသည်တွေ ပိုစီးဝင်လာမှာကို စိုးရိမ်တာကြောင့် မြန်မာအပေါ် ဝေဖန်ရမှာကို တွန့်ဆုတ်နေပြီး၊ မူဝါဒပိုင်းနဲ့ အစစအရာရာ ပိုသတိထားပုံရတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up