close

နတ်မောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ယောက် မြို့နယ်ထွေအုပ်ရုံးမှာ အစည်းဝေးတက်ပြီး ပြန်လာတဲ့ အချိန် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ နတ်မောက်အခြေစိုက် ငါးပြေမပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

နတ်မောက်မြို့နယ် ဖက်သန်းတောင်ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းကို ဒီကနေ့မွန်လွဲ ၂နာရီလောက်မှာ မြို့နယ်ထွေအုပ်ရုံးမှာ အစည်းဝေးတက်ပြီးပြန်လာတဲ့အချိန် ငါးပြေမပြောက်ကျားတပ်ဖွဲ့ တပ်စိတ် ၃ က ဗိုလ်ငါးမဲလုံး ဦးဆောင်ပြီးတော့ သေနတ်နဲ့ ၁၀ ချက်ပစ်ခတ်ပြီး သုတ်သင်လိုက်တာလို့ ငါးပြေမပြောက်ကျား တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက ပြောပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ အစည်းဝေးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ သီးသန့်ခေါ်ယူတဲ့ အစည်းဝေးလို့ သိရပြီး ဆိုင်ကယ်တဲ့ ပြန်လာတဲ့ အချိန်လမ်းကနေစောင့်ပြီး သုတ်သင်လိုက်တာလို့ဆိုပါတယ်။

ဗိုလ်ငါးခူက “သူက ဟိုးအရင်ကတည်းက ကျနော်တို့စခန်းရှိတဲ့နေရာကို စစ်ကောင်စီတပ်တွေကို လမ်းပြတာကြောင့် လက်နက်တချို့ဆုံးရှုံးခဲ့ရတယ်။ သူ့မှာညီအစ်ကို သုံးယောက်ရှိပြီး ပျူစောထီး သင်တန်းတက်ရောက်ကာ စစ်ကောင်စီကလည်း သူတို့ကို လက်နက်တပ်ဆင်ပေးထားတယ်။ နောက်ပြီးသူက အနီးနားရွာတွေက ပျူစောထီးတွေနဲ့ ပေါင်းပြီး စစ်ကောင်စီကို စဥ်ဆက်မပြတ် သတင်းပေးပို့နေတာကြောင့် ကျနော်တို့တပ်ဖွဲ့က ရှင်းလင်းလိုက်ရတာ” လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးဟာ ဖက်သန်းတောင်ကျေးရွာကဒေသခံပြည်သူတွေကို နည်းပေါင်းစုံနဲ့ ဒုက္ခပေးနေသလို ဆန္ဒပြပွဲ သပိတ်စစ်ကြောင်းတွေနဲ့ PDF စခန်းတွေကို တောက်လျှောက်သ တင်းပေးနေတာကြောင့်  အခုလို ပစ်သတ်ခံရတာလို့လည်း ဖက်သန်းတောင်ရွာသားတစ်ယောက်က ဆိုပါတယ်။

အခုလိုအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ကိစ္စကို အသေးစိတ်သိရှိနိုင်ဖို့ နတ်မောက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up