close

တောင်တွင်းကြီးမြို့နယ် ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး ၁ ဦး ပစ်သတ်ခံရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ မောင်းတိုင် ၁ ရပ်ကွက်၊ ရေစက်လမ်းမှာနေထိုင်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အတွင်းရေးမှူး ဦးဇော်ဇော်အောင်ဟာ ဒီဇင်ဘာ ၃၁ ရက် ညနေ ၅ ခွဲဝန်းကျင်က ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

မျက်မြင်ဒေသခံတဦးက “စစ်သားတွေစောင့်နေတဲ့ ဂိတ်တွေ နှစ်ခုကြားမှာ ပစ်ခံရတာ။ ဆိုင်ကယ်စီးလာရင်း သူ့အိမ်လမ်းထိပ်နားမှာ သေနတ် ၃ ချက်မှန်ပြီး ဆိုင်ကယ်လဲသွားတယ်။ အရေးပေါ်ကားနဲ့ စစ်သားတွေရောက်လာပြီး ဆေးရုံခေါ်သွားတာမြင်လိုက်တယ်” ပြောပါတယ်။

ဦးဇော်ဇော်အောင်ဟာ တောင်တွင်းကြီးမြို့နယ်၊ ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန်းဝင်းရဲ့ တူအရင်းတစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူဟာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတဦးဖြစ်ကာ မောင်းတိုင် ၁ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးဟာလည်း ပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းက မီးလောင်ကျွမ်းပျက်စီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နောက်ကျောကို ကျည် ၃ ချက်မှန်တယ်။ ဆေးရုံရောက်လာတဲ့အချိန်ထိတော့ အသက်ပါသေးတယ်။ နောက်ပြီးမှ ဆုံးသွားတာ။ ရဲလုပ်ငန်းစဉ်တွေ ဆက်လုပ်ဖို့ အလောင်းကို ရင်ခွဲရုံပို့လိုက်ပါပြီ” လို့ တောင်တွင်းကြီးပြည်သူ့ဆေးရုံတာဝန်ကျဆရာမတဦးက ပြောဆိုပါတယ်။

ပစ်ခတ်ခံရပြီး ဆိုင်ကယ်လဲသွားချိန် အရေးပေါ်ကားပေါ်ကို တင်ဆောင်ချိန်မှာ ဦးဇော်ဇော်အောင်ရဲ့ အင်္ကျီကြားထဲကနေ ပစ္စတိုသေနတ် ၁ လက်ထွက်ကျလာပြီး စစ်တပ်ကသိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ဦးဇော်ဇော်အောင်ဟာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပလဲပနံသင့်သူတဦးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံတဲ့အဖွဲ့မှာ ပါဝင်လုပ်ဆောင်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

မိသားစုဝင်တဦးက “အလွန်အမင်းခံပြင်းရတယ်။ သူ နေမကောင်းလို့ ဘယ်မှမသွားတာ ကြာပြီ။ ညနေခင်းကမှ ကွမ်းယာနဲ့အရက် သွားဝယ်မယ်ဆိုပြီး အိမ်ကထွက်သွားတာ အပြန်မှာ အခုလိုဖြစ်ရတာပဲ။ မိသားစုဝင်တယောက် အသက်ဆုံးရှုံးရတော့ အရမ်းပူဆွေးသောကရောက်ရတယ်။ သူ့မိန်းမနဲ့ ကလေးတွေလည်း ငိုလို့။ သူ့အဖေလည်း သွေးတွေ အရမ်းတိုးနေတယ်” လို့ ပြောပါတယ်။

ဦးဇော်ဇော်အောင် ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ တောင်တွင်းကြီး မြို့မရဲစခန်းကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိတဲ့အပြင် ပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ်ဆိုတာလည်း ထုတ်ပြန်ထားတာ မတွေ့ရှိရသေးပါဘူး။

ဒေသခံတဦးက “ဇော်ဇော်အောင် မိသားစုက ပြည်ခိုင်ဖြိုးအသင်းကတည်းကတကယ့်အမာခံတွေ။ ကိုယ့်မြို့သားတယောက်အခုလိုဖြစ်တာတော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ သူ့သမိုင်းသူရေးတာလေ။ မြို့အတွက် New Year လက်ဆောင်ဟာ ဒီလိုအကောင်ကြီးကြီး အမြီးရှည်ရှည်ထဲက ဖြစ်လိမ့်မယ်လို့ထင်မထားမိကြဘူး” လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေဟာ မြို့ပေါ်နေရာအနှံ့မှာ ဖြန့်ကြက် နေရာယူထားပြီး ညပိုင်းမှာလည်း ဆိုင်ကယ်တွေ၊ ကားတွေနဲ့ပါ လှည့်ပတ်နေတာတွေအပြင် ရပ်ကွက်အချို့ကလူနေအိမ်တွေကို စစ်သားအင်အားအလုံးအရင်းနဲ့ ဧည့်စာရင်းစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up