close

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက သေဒဏ်အမိန့်ချ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဂျင်မီ (ခ) ဦးကျော်မင်းယုနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ စွပ်စွဲပြီး သေဒဏ်အမိန့်ချမှတ်ကြောင်း စစ်တပ်ပိုင်မြဝတီရုပ်သံက ဇန်နဝါရီ ၂၁ ရက်မှာ ကြေညာပါတယ်။

ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့  ဦးဂျင်မီကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂၃ ရက်က ဒဂုံမြို့သစ် (မြောက်ပိုင်း)မှာ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးသွားတာဖြစ်ပြီး ဦးဖြိုးဇေယျာသော်ကိုတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၁)ရပ်ကွက်၊ ရတနာလမ်း၊ ရတနာနှင်းဆီအိမ်ရာမှာ  နိုဝင်ဘာလ ၂၀ ရက်က ဖမ််းဆီးခဲ့တာဖြစ်ပါတယ်။

သူတို့ ၂ ဦးကို စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့ စစ်ဆေးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နဲ့ ၅၀(ည) တို့အရ ဇန်နဝါရီ ၂၁ ရက်မှာ  သေဒဏ်  အမိန့်ချမှတ်လိုက်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

ဦးဖြိုးဇေယျာသော်ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့ နေအိမ်မှာ လက်နက်မျိုးစုံ သိမ်းဆည်းထားတာ၊ CRPH၊ NUG၊  PDF၊  Moon Light Operation အဖွဲ့တွေနဲ့ Zoom Meeting ပြုလုပ်ခဲ့တာ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ လက်နက်ငှားရမ်းထောက်ပံ့ပေးမှုတာနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ညွှန်ကြားတာ တွေပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

အလားတူ ဦးဂျင်မီဟာလည်း CRPH၊ NUG နဲ့ PDF တွေကို လက်နက်ခဲယမ်းထောက်ပံ့ဖို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်၊ ပင်လုံအိမ်ယာ၊ မြနှင်းဆီလမ်းရှိ နေအိမ်မှာ လက်နက်တွေ သိုဝှက်သိမ်း ဆည်းထားတယ်ဆိုပြီးစွပ်စွဲ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

အကြမ်းဖက် ဖမ်းဆီးသွားစဉ်မှာ  ဦးဂျင်မီဟာ ဦးခေါင်းကို ရိုက်နှက် ခံရတဲ့ဒဏ်ရာနဲ့ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပြီးနောက် စစ်ကြောရေးသို့ ပို့ဆောင်ကာ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေကို  ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ဘက်က ချေပပြောဆိုခွင့်မရ သလို  တရားဥပဒေကြောင်းအရလည်း  ခုခံချေပခွင့် မရဘဲ  စစ်ကောင်စီက တဖတ်သတ်စွပ်စွဲ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီအပါအဝင် ဒီမိုကရေစီလိုလားသူတွေနဲ့ လူ့အခွင့်အရေးကာကွယ်စောင့် ရှောက်သူတွေအပေါ် မတရားဖိနှိပ်နေမှုသတင်းတွေ၊ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကြောင့် အလွန်အမင်းစိုးရိမ်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နဲ့ ဗြိတိန်သံရုံး တွေက  ဦးဂျင်မီ စတင်ဖမ်းဆီးခံရစဉ်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစပြီး မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ လုံလောက်တဲ့ ဆေးဝါးကုသခွင့် ချက်ချင်းပံ့ပိုးပေးရေးအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေရဲ့ ဂုဏ်သိက္ခာနဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့လည်း သံရုံးတွေက တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up