close

မန္တလေးကျုံးပတ်လည် စစ်ကောင်စီကားများ အချိန်ပြည့် လုံခြုံရေးတင်းကျပ် လှည့်လည်

ဇန်နဝါရီလ ၂၀ ရက်နေ့ ညတည်းက စပြီး ကျုံးပတ်ပတ်လည် လုံခြုံရေးအပြည့်နဲ့ စစ်ကောင်စီ ကားတွေ လှည့်လည်နေတယ်လို့ ဒေသခံတွေက ပြောအါတယ်။ 

၂၀ ရက်နေ့ညတုန်းက ၂၆ လမ်းကနေ ၁၀၇ လမ်းအထိ ကျုံးလမ်း ၆၆ လမ်းမပေါ် လုံခြုံရေး အပြည့်ချထားပြီး စစ်ဆေးခဲ့ပြီး ၂၁ ရက်နေ့ မနက်ပိုင်းကနေ ညပိုင်းထိ ကျုံးပတ်လည်မှာ ခေါက်တုန်ခေါက်ပြန် စစ်ကောင်စီကားတွေ လှည့်နေခဲ့တာပါ။ 

၂၁ ရက်နေ့ မနက်ပိုင်းချိန်တုန်းက ရဟတ်ယာဉ် ၂ စီး နန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ နန်းတွင်းထဲ ဆင်းသက်သွားတာ တွေရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ 

“ဟုတ်တယ် ရဟတ်ယာဉ် ၂ စီး ကျုံးထဲ ဆင်းတာ တွေ့တယ်။ ကျုံးဘေးမှာ ကားက သုံးစီးက တောက်လျှောက်ပတ်နေတာ။ ကားကြီးတွေရော ကားသေးတွေရောက ညနေ ၄ နာရီလောက်က ပတ်တယ်။ မနက်ပိုင်းကတော့ တင့်ကားတွေပါ ပတ်နေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

မန္တလေးမြို့တွင်း အဓိက လမ်းမကြီးတွေမှာလည်း လုံခြုံရေး တင်းကျပ်ပြီး စစ်ဆေးမေးမြန်းတာတွေ မော်တော်ယာဉ်ထိန်းသိမ်းရေးရဲတွေပါရင် လိုင်စင်နဲ့ အုံနာဘုတ်တွေပါ စစ်ဆေးနေတာပါ။ ဇန်နဝါရီလ ၂၂ မနက်ပိုင်းအထိ လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့လည်း သိရပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် မကြာခဏ လုံခြုံရေး တင်းကျပ်ပေမယ့် ပုံမှန်အားဖြင့် နန်းတွင်းအပေါက်တွေမှာပဲ တင်းကျပ်စစ်ဆေးတာပါ။ ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေး လာရောက်လို့ လုံခြုံရေး တင်းကျပ်ထားတာလို့လည်း ပြောဆိုနေကြပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မန္တလေးတိုင်း တရားလွှတ်တော်ချုပ်ရုံး၊ ဥပဒေချုပ်ရုံး အသစ်တွေကို လာရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မဟာမြတ်မုနိဘုရားကို သွားရောက်ဖူးမျှော်ခဲ့ပြီး တခြား ဘာသာရေးကျောင်းတွေကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up