close

မုံရွာ-အရာတော်ကားလမ်းတွင် စစ်ကောင်စီကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်ကားလမ်းပေါ်မှာ ဇန်နဝါရီ ၄ ရက် မနက်က စစ်ကောင်စီကား ၂ စီးဟာ နေရာ ၂ နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကားတွေ ပျက်စီးပြီး သေဆုံးဒဏ်ရာရရှိသူတွေ များတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

Ayardaw Bone Naing (A.B.N.PDF) တာဝန်ခံတဦးက “မုံရွာ-အရာတော် ကားလမ်းအတိုင်းဆင်းလာတဲ့ စကစ ထောက်ပို့တပ်ကား ၂ စီးကို မနက် ၆ လောက်မှာ ပထမအကြိမ် မိုင်းဆွဲလိုက်လို့ ဒုတိယမြောက်ယာဉ်ရဲ့ ဘေးတခြမ်း ပျက်စီးသွားပြီး စစ်ကောင်စီ တပ်သားတွေ သေဆုံးဒဏ်ရာရတဲ့သူတွေရှိနိုင်တယ်” လို့ အတည်ပြုပြောဆိုပါတယ်။

ကျန်တဲ့ ၁ စီးကို မနက် ၇ နာရီမှာ မန်ကျည်းသုံးပင်ကွေ့မှာ ဒုတိယအကြိမ် ထပ်မံမိုင်းခွဲတိုက်ခိုက်လိုက်လို့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၂ ဦးတို့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရရှိကြတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကနေ သတင်းထုတ်ပြန်ထားတာမရှိသလို အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုတွေကို ABN PDF အပါအဝင် မဟာမိတ်ညီနောင် ၈ ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ညီနောင်မဟာမိတ် ၈ ဖွဲ့က PDF ရဲဘော်တွေကတော့ အထိအခိုက် အကျအဆုံးမရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့၊ ညနေပိုင်းကလည်း မုံရွာ-အရာတော်လမ်း ဆူးလေကုန်းချောင်းအတက်နားမှာ စစ်ကောင်စီရဲ့ ထောက်ပို့ကားကို ABN PDF နဲ့ မဟာမိတ်ညီနောင် ၈ ဖွဲ့က မိုင်းဆွဲတိုက်ခိုက်လို့ ထောက်ပို့ကား တပတ်လည်သွားပြီး စစ်ကောင်စီ တပ်သားတွေ သေဆုံးဒဏ်ရာရရှိသူတွေ များပြားခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up