စပါးနှင့် ထိပ်တန်းအသင်းတွေကြား ကြီးမားသည့် ကွာဟချက်ရှိကြောင်း နည်းပြကွန်တီ ဝန်ခံ

စပါးအသင်းနဲ့ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေအကြားမှာ ကြီးမားတဲ့ ကွာဟချက်တွေ ရှိသေးတယ်လို့ စပါးနည်းပြ ကွန်တီက ပြောသွားပါတယ်။
မနေ့ညက စပါးအသင်းဟာ ချဲလ်ဆီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရူံးနိမ့်ခဲ့ပြီးနောက် တစ်ရာသီ အတွင်းမှာပဲ ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရတာပါ။
ရှိတဲ့ကစားသမားစာရင်းနဲ့ အကောင်းဆုံးကြိုးစားခဲ့ကြပေမဲ့ တခါတရံမှာ ထိပ်တန်းအသင်းတွေကို ယှဉ်နိုင်ဖို့ လုံလောက်မှုမရှိကြောင်း၊ ထိပ်တန်းအသင်းတွေနဲ့ စပါးအသင်းကြားမှာ ကြီးမားတဲ့ ကွာဟချက်တွေရှိကြောင်း နည်းပြကွန်တီက ပွဲအပြီးမှာ ပြောပါတယ်။
“ကျနော် မရှုံးချင်ပါဘူး။ ရှုံးပွဲတစ်ပွဲက ကျနော့်အတွက် အမြဲတမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ၉ ပွဲဆက်ရှုံးပွဲ မရှိခဲ့တာကတော့ အရေးပါခဲ့တယ်။ လက်ရှိအချိန်မှာ ချဲလ်ဆီးလို ထိပ်တန်းအသင်းတွေနဲ့ ကျနော်တို့အသင်းကြားမှာ ကြီးမားတဲ့ကွာဟချက်တွေ ရှိတယ်။ အစွမ်းကုန်ကြိုးစား ကစားခဲ့ပေမဲ့ ရှိတဲ့လူစာရင်းနဲ့က တခါတလေမှာ လုံလောက်မှုမရှိပါဘူး”လို့ နည်းပြကွန်တီက ပြောပါတယ်။
စပါးအသင်းဟာ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ အသင်းအတွက် ဂိုးအများဆုံးသွင်းထားတဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင် ပါဝင်နိုင်ခြင်းမရှိခဲ့လို့ ရုန်းကန်ခဲ့ရပါတယ်။