close

ရေဦးမြို့နယ်အတွင်း တပ်ဖြန့်ဝင်ရောက်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ

ရေဦးမြို့နယ် တမတောကျေးရွာအုပ်စုအနီးမှာ ဇန်နဝါရီ ၂၄ ရက်နေ့ မနက်က တပ်ဖြန့်ပြီးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေအပြည့်စုံနဲ့ တပ်ဖြန့်ဝင်ရောက်လာတာလို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“စစ်ကြောင်း အနည်းဆုံး ၃ ဖွဲ့ခွဲပြီး တပ်ဖြန့်လာတယ်လို့ သိရတယ်။ လက်နက်ကြီးတွေ ပါလာတာရှိတယ်။ ကျနော်တို့က ကြိုတင်သိရှိထားတဲ့အတွက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ သူတို့ အထိနာသွားတယ်ဆိုတာတော့ သေချာတယ်။ အထိခိုက်အကျဆုံးကတော့ မသိရသေးပါဘူး။”

စစ်ကောင်စီတပ်တွေဟာ ဒီနေ့မနက် ၇ နာရီခွဲဝန်းကျင်လောက်ကတည်း ပါရမီ၊ ခေါစပ်ကုန်းနဲ့ ရွာအိုင်းကျေးရွာများဘက်ကိုလည်း တပ်ဖြန့်လာတယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ကောင်စီဘက်ကနေ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လာနိုင်တဲ့အတွက် ကျေးရွာ‌နေပြည်သူတွေအနေနဲ့ ကြိုတင်ရှောင်ရှားကြဖို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားတယ်လို့ သိရပါတယ်။

ရွှေဘိုခရိုင် ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌တွေ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူသုံးပြီး တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူထောင်နဲ့ချီပြီး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up