close

ဒီးမော့ဆိုမြို့နယ်တွင် PDF ဆေးရုံဖွင့်လှစ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက ပြည်သူလူထုကို ကျန်းမာရးစောင့်ရှောက်မှုပေးနိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) လှုပ်ရှားနယ်မြေမှာရှိတဲ့ ကျေးရွာတရွာမှာ CANAAN (ခါနာန်) လို့ အမည်ပေးထားတဲ့ ဆေးရုံကို ဇန်နဝါရီ ၂၄ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။

ဆေးရုံတာဝန်ခံတစ်ဦးက “ကျနော်တို့ ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်။ ဒီတော့ ပြည်သူလူထုတွေဟာ စစ်ဘေးရှောင်နေကြရလို့ ကျန်းမာရေးစောင့်ရှောက်မှု မရကြဘူး ဖြစ်နေတယ်။ ဒီတော့ ပြည်သူတို့တွေ လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ထိထိရောက်ရောက်ပေးနိုင်ဖို့ ခါနာန်ဆေးရုံးကို ဖွင့်လှစ်ရတာပါ"လို့ ပြောပါတယ်။

ကယားပြည်နယ်ကို စစ်ကောင်စီတပ်က ကြည်းတပ်၊ လေတပ်၊ အမြောက်တပ်၊ တင့်ကားတပ်တွေသုံးကာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် မြို့တော်လွိုင်ကော်အပါအဝင် ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှားတောမြို့နယ်အတွင်းမှာ ခုခံကာကွယ်ရေး ပြည်သူ့တပ်တွေနဲ့  တိုက်ပွဲဖြစ်ပွားနေပါတယ်။ 

တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူလူထု‌တွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့နေရချိန် အခုလို ပြည်သူကာကွယ်ရေးတပ်က ဦးဆောင်ကာ ပြည်သူ့ဆေးရုံ၊ ဆေးပေးခန်းဖွင့်တဲ့အပေါ် များစွာ အားကိုးအားထားပြုတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။ 

“စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့‌ဒေသက ဆေးရုံ၊ ဆေးပေးခန်းတွေ အားလုံးနီးပါး ပိတ်ထားရတယ်။ စစ်ကောင်စီတပ်တွေက စစ်ကြောင်းတွေထိုးတယ်။ လက်နက်ကြီးတွေနဲ့ ရပ်ရွာထဲ ပစ်ခတ်တယ်။ လူနေအိမ်တွေကို မီးရှို့တယ်။ အရပ်သားပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေလည်း တစ်ယောက်မှ မနေရဲတော့ဘဲ ထွက်ပြေးနေကြရတယ်။ သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးသူငယ်တွေအတွက် ပြစရာဆေးခန်းမရှိတော့ဘူး။ အခုလို ပြည်သူ့ကာကွယ်ရေးက ပြည်သူတွေရဲ့ ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ဆေးရုံဖွင့်လိုက်တဲ့အတွက် ဝမ်းလည်းဝမ်းသာတယ်၊ များစွာလည်းအားကိုးအားထားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ခါနာန်ဆေးရုံကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO- PDF) က ဦးဆောင်ပြီး ကျန်းမာရေးဌာနက CDM ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ ဆေးကျောင်းသား/သူတွေ၊ သူနာပြုကျောင်းသား/သူတွေ၊ ရပ်မိရပ်ဖပြည်သူလူထုတွေ ပူးပေါင်းဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up