close

မြန်မာ့အရေး ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် အီးယူကိုယ်စားလှယ် ဆွေးနွေး

Photo- Phnom Penh Post

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းနဲ့ပတ်သက်တဲ့ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ အခြေအနေတွေကို ကုစားဖို့ ကြိုးပမ်းမှုတွေအကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်က ဥရောပသမဂ္ဂ- အီးယူရဲ့ နိုင်ငံခြားရေးနဲ့လုံခြုံရေး မူဝါဒပိုင်းဆိုင်ရာ ကိုယ်စားလှယ် ဂျိုးဇက်ဘော်ရဲလ်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် ပရတ်ဆိုခွန်ဟာ အီးယူကိုယ်စားလှယ်နဲ့ တယ်လီဖုန်း ပြောဆိုခဲ့ပြီးတော့ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ရှုပ်ထွေးခက်ခဲကြောင်း ဘော်ရဲလ်က အသိအမှတ်ပြုခဲ့တယ်လို့ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းကိုလည်း သူက ဖော်ပြခဲ့ပြီး အခြေအနေတွေကို ဖြေရှင်းဖို့ ကမ္ဘောဒီးယားရဲ့ အစီအစဉ်ကို တောင်းခံခဲ့ကြောင်းလည်း ဆိုပါတယ်။

တုံ့ပြန်မှုအနေနဲ့ အချက် ၅ ချက်ပါ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည် ဖော်ရာမှာ အကျိုးရှိအောင် ကြိုးပမ်းတဲ့ ခြေလှမ်းတခုအဖြစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်၊ ၈ ရက်က အထိ နေပြည်တော်ကိုသွားရောက်ခဲ့တဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်ရဲ့ရလဒ်တွေကို အကျဉ်းချုံး ပြောပြခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောကြားပါတယ်။

ဝန်ကြီးချုပ်ရဲ့ခရီးစဉ်ဟာ နှစ်ကုန်အထိ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ အထူးကိုယ်စားလှယ်ကို လုပ်ပိုင်ခွင့်တွေ ထမ်းဆောင်ရာမှာ ပံ့ပိုးကူညီဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့၊ သက်ဆိုင်တဲ့သူတွေနဲ့ တွေ့ဆုံရာမှာ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးဖို့ အပါအဝင် စစ်ကောင်စီရဲ့ ကတိကဝတ်တွေ အပြုသဘောဆောင်တဲ့ ရလဒ်တွေကို ဆောင်ကြဉ်းပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဟွန်ဆန်ဟာ ခရီးစဉ်အပြီးမှာ ပဏာမဆောင်ရွက်ချက် ၂ ခုကို အဆိုပြုခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး၊ ဆိုလိုတာက ASEAN Troika လို့ ခေါ်တဲ့ အာဆီယံရဲ့ လက်ရှိနိုင်ငံခြားရေးဝန်ကြီး၊ ဝန်ကြီးဟောင်းနဲ့ နောက်လာမယ့် အလှည့်ကျ နိုင်ငံခြားရေးဝန်ကြီးလောင်းတို့ ၃ ဦးနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့  ပါဝင်ဖွဲ့စည်းထားတဲ့ ယန္တရားတစ်ခု ထူထောင်ပြီးတော့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဖြန့်ဝေပေးမယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့အတွက် အချက် ၅ ချက် သဘောတူညီမှုကို အကောင်အထည်ဖော်မှုအပေါ် ညှိနှိုင်းစောင့်ကြည့်သွားဖို့ဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အဓိကထားဆောင်ရွက်ဖို့ ဘရူနိုင်းနိုင်ငံရဲ့ အစပျိုးမှုဖြစ်တဲ့ မြန်မာ့မိတ်ဆွေအဖွဲ့ကို ထူထောင်ဖို့ အစီအစဉ်ကိုလည်း သူက အသိပေးထားပြီး EU ရဲ့ ပံ့ပိုးကူညီမှုနဲ့ ပူးပေါင်းပါဝင်မှုကို တောင်းခံခဲ့ပါတယ်။

မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းဖို့ ကမ္ဘောဒီးယားမှ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ အချက် ၅ ချက်ပါ သဘောတူညီချက်နဲ့ အာဆီယံပဋိညာဉ် တို့ကနေ လမ်းညွှန်ထားတာဖြစ်ပြီး ကမ္ဘောဒီးယားရဲ့ အတိတ်က အတွေ့အကြုံတွေကို အခြေခံထားတာဖြစ်ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up