close

စစ်တပ်ပိုင် မြိုင်ကလေး ဘိလပ်‌မြေစက်ရုံအနီး ဗုံးကွဲ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာရှိ စစ်တပ်ပိုင် တန် ၄၀၀၀ ဘိလပ်‌မြေစက်ရုံအရှေ့က ဓာတ်အားပေးအဆောက်အအုံမှာ ဇန်နဝါရီ ၂၃ ရက် မနက် ၇ နာရီလောက်က   ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)ပိုင် တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ‌ကို ဓာတ်အားဖြန့်ဖြူးပေးနေတဲ့ KV ဓာတ်အားလိုင်း Transformer အဆောက်အအုံထဲမှာ  ဗုံးတစ်လုံးပေါက်ကွဲခဲ့တာပါ။

မြိုင်ကလေးကျေးရွာဒေသခံတစ်ဦးက “ ဗုံးကွဲတာတော့ ဟုတ်တယ်။  ဖုန်းနဲ့ ချိန်ကိုက်ပြီး ခွဲခံရတာလို့တော့ စက်ရုံမှာလုပ်နေတဲ့ ဝန်ထမ်းတွေဆီက ကြားတယ်။ လူတော့ ထိခိုက်မှုမရှိဘူး။ အဆောက်အအုံနဲ့ အမိုးတွေတော့ ပျက်စီးသွားတယ်”လို့ ဆိုပါတယ်။

အဆိုပါ Transformer ကနေ  တန် ၉၀၀ ဘိလပ်မြေစက်ရုံကိုပါ ဓာတ်အားဖြန့်ဖြူးပေးနေတာဖြစ်ပြီး  ဘိလပ်မြေစက်ရုံ ၂ ရုံလုံးဟာ စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်တယ်လို့  စက်ရုံအငြိမ်းစား အရာရှိတစ်ဦက ပြောပါတယ်။

တန် ၄၀၀၀ ဘိလပ်မြေစက်ရုံကို ၁၉၉၆ ခုနှစ်မှာတည်ဆောက်တာဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ သဘာဝဓာတ်ငွေ့နဲ့ စတင်လည်ပတ်ခဲ့ရာက ၂၀၁၆ ခုနှစ်မှာ ကျောက်မီးသွေးနဲ့ လည်ပတ်ဖို့ ဆောင်ရွက်ခဲ့တဲ့အတွက် ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေကြားက ကျောက်မီးသွေးနဲ့ လည်ပတ်ခဲ့ရာ စက်ရုံအနီးတဝိုက်ကကျေးရွာတွေမှာ သောက်သုံးရေတွေမည်းပြီး ရေထုညစ်ညမ်းခဲ့ပါတယ်။

အဆိုပါ တန် ၄၀၀၀ နဲ့ တန် ၉၀၀ ဘိလပ်မြေစက်ရုံတွေ စတင်တည်ဆောက်စဉ်က ဒေသခံပြည်သူတွေရဲ့ ဘိုးဘွားပိုင် လယ်ယာ၊ ဥယျာဉ်ခြံမြေတွေနဲ့ နေအိမ်တွေကို မတရားသိမ်းယူ ဖယ်ရှားခဲ့တဲ့အပြင် ကန့်ကွက်ခဲ့တဲ့သူတွေကို တရားစွဲဆိုခဲ့တဲ့အတွက် ဘားအံအကျဉ်းထောင်မှာ  ဒေသခံတွေ ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up