close

အသံတိတ်သပိတ် Silent Strike နေ့ ရန်ကုန်တွင် တပ်ထောက်ခံပွဲ ပြုလုပ်ရန် စီစဉ်နေ

စစ်တပ်က နိုင်ငံတော်အာဏာ အဓမ္မလုယူခဲ့တာ ၁ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်သူတွေက အသံတိတ်သပိတ် Silent Strike ပြုလုပ်ဖို့ရှိနေချိန်မှာ  စစ်အုပ်စုက ရန်ကုန်မြို့လယ်မှာ တပ်ထောက်ခံပွဲပြုလုပ်ဖို့  စီစဉ်နေပါတယ်။

တပ်ထောက်ခံပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ သမ္မတရုံးအရှေ့နဲ့ ရန်ကုန်မြို့တော်ခန်းမနဲ့ မဟာဗန္ဓုလပန်းခြံရှေ့မှာ လူအင်အား ၁၉၉ ယောက်နဲ့ ပြုလုပ်သွားဖို့ မိုက်ကယ်ကျော်မြင့် ခေါင်းဆောင်တဲ့အုပ်စုက ဒဂုံမြို့နယ်ရဲစခန်းကို အကြောင်းကြားထားတာ ဖြစ်ပါတယ်။ 

အာဏာသိမ်း ၁ နှစ်ပြည့် တပ်ထောက်ခံပွဲပြုလုပ်ဖို့အတွက် တိုင်းနဲ့ပြည်နယ်အသီးသီးက မဘသအဖွဲ့ဝင်တွေ တပ်ထောက်ခံသူတွေနဲ့ စစ်မှုထမ်းဟောင်းတွေကို လိုက်လံဖိတ်ခေါ်နေတာလို့ ဖိတ်စာရထားသူတယောက်က ပြောပါတယ်။

တပ်ထောက်ခံပွဲကို သမ္မတရုပ်ရှင်ရုံရှေ့က နေ့လယ် ၁၂ နာရီမှာ စတင်ထွက်ခွာဖို့ စီစဉ်ထားပြီး မင်းသားကြီး(ခ)အောင်ဆန်းဦး၊ မိုက်ကယ်ကျော်မြင့်နဲ့ ဒေါ်မိုးမိုးခိုင်တို့က ဦးဆောင်ပြုလုပ် ဟောပြောမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

စစ်အာဏာသိမ်း ၁ နှစ်ပြည့်တဲ့နေ့မှာ  စစ်အာဏာရှင်တော်လှန်ရေးပြုလုပ်နေကြတဲ့ ပြည်သူတွေက တိတ်ဆိတ်သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြဖို့ စီစဉ်ထားတာကြောင့် တန်ပြန်အနေနဲ့လုပ်တာလည်း ဖြစ်နိုင်တယ်လို့ နိုင်ငံရေးသမားတွေက ပြောပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း  ၁ နှစ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားတဲ့ ပြည်သူ ၁၅၀၀ လောက် သတ်ဖြတ်ခံထားရချိန်မှာ စစ်တပ်ကိုထောက်ခံနေတာဟာ အလွန်အသိပညာ ဉာဏ်နည်းပါးလူတွေရဲ့ ရှက်စရာကောင်းတဲ့ အပြုအမူဖြစ်တယ်လို့လည်း နိုင်ငံရေးသမားတဦးက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် ကမ္ဘာ့လူ့အခွင့်အရေးနေ့တုန်းကလည်း ငြိမ်သက်ခြင်းသပိတ် Silent Strike ကို မြန်မာနိုင်ငံတဝန်း အောင်အောင်မြင်မြင်ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up