close

မင်းတုန်းမြို့က လျှပ်စစ်ရုံးနှင့် ရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့က လျှပ်စစ်ရုံးနဲ့ မင်းတုန်းရဲစခန်းတို့  ဇန်နဝါရီ  ၂၆ ရက် ညနေ ၃ နာရီလောက်က ဗုံးခွဲပြီး သတိပေးခဲ့တယ်လို့    MPRF မင်းတုန်းပြည်သူ့တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မကွေးတိုင်းအတွင်းက မြို့နယ်တွေမှာ၊ အခုရက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ လျှပ်စစ်ရုံးတွေက ဝန်ထမ်းတွေပူးပေါင်းပြီး မီတာခတွေ အတင်းအဓ္ဓမ ကောက်ခံနေတာကြောင့် သတိပေးတဲ့အနေနဲ့ မကွေးတိုင်းထဲက ဒေသခံ PDF အဖွဲ့တွေ ပူးပေါင်းပြီးဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

MPRF မင်းတုန်းပြည်သူ့တော်လှန်အဖွဲ့ဝင်တယောက်က “အခုလိုဖေါက်ခွဲခဲ့တာက ပြည်သူလူထုကို ထိခိုက်ထိတ်လန့်စေလိုတာ မဟုတ်ပါဘူး။ အဓိက က ရပ်ရွာသားတွေ၊ နယ်ခံသားတွေကို အတင်းအဓမ္မ ခြိမ်းခြောက်ပြီး မီတာခ ဆောင်ခိုင်းနေတာကြောင့် သူတို့ကိုသတိပေးတဲ့ အနေနဲ့အခုလို ဖေါက်ခွဲလိုက်တာပါ။ နောက်နောင်ကို သူတို့အခုလို ဆက်လုပ်နေအုံးမယ်ဆိုရင် ကျနော်တို့က လက်နက်နဲ့ ပစ်ခတ်သွားတော့မှာဖြစ်ပါတယ်။ အခုကလည်း သူတို့ကိုစိမ်ခေါ်လိုက်တာလည်းပါတယ်”လို့ပြောပါတယ်။ 

ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့်  မင်းတုန်းမြို့ထဲမှာ စစ်ကားတွေ၊ ရဲကားတွေလှည့်လည်နေပြီး လူသွားလူလာတွေကိုလည်း စစ်ဆေးမေးမြန်းနေပါတယ်။

ဒါကြောင့် နယ်ဘက်တွေကနေ ဈေးရောင်းလာသူတွေတောင် မပြန်ရဲတော့ဘဲ  ပိတ်မိတဲ့နေရာတွေမှာပဲ ခဏခိုနေရသလို ညပိုင်းအထိ ဆက်ပြီးစစ်ဆေးနေရင်တော့ မပြန်ရဲတဲ့သူတွေ ဧည့်စာရင်းစစ်တာတာနဲ့တိုးမှာကို စိုးရိမ်နေရတယ်လို့ ဈေးသယ်တယောက်က ပြောပါတယ်။

အဆိုပါ ဗုံးခွဲမှုကို MPRF မင်းတုန်းပြည်သူ့တော်လှန်ရေးတပ်ဖွဲ့နဲ့ မြေလတ်ရွှေလင်းယုန် Golden eagle myaylatt  အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ မင်းတုန်းပြည်သူ့ကာကွယ်ရေးအဖွဲ့ MPRF ရဲ့လူမှုကွန်ရက်မှာ ရေးသားဖေါ်ပြထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up