close

PDF ဟု စွပ်စွဲသတ်ဖြတ်ခံရသည့် အရာတော်ပြည်သူ ၄ ဦးအပါအဝင် ကျဆုံးပြည်သူ ၁၅၀၀ နီးပါး ရှိ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်နီးပါးအကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၄၉၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရ သူပေါင်း ၁၁၇၈၇ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၇၉၂ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲကအယောက် ၆၅၀ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၆ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ တက်ကြွလှုပ်ရှား သူလူငယ် ၆ ယောက်ဖြစ်ကြတဲ့ ကိုဇင်လင်း၊ မဝင်းထက်မာ၊ ကိုသူရအောင်၊ ကိုဝင်းထိုက် ကိုကို၊ ကိုမင်းဟိန်းသူနဲ့ ကိုဖြိုးဟိန်းကျော်တို့ကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ရာဇ သတ်ကြီးပုဒ်မ ၃၉၅ နဲ့ ဇန်နဝါရီ ၂၇ ရက်က အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် သူတို့ ၆ ယောက် ငှားရမ်းခဲ့တဲ့ Grab အငှားယာဉ်မောင်း ကိုလင်းလင်းထိုက်ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၃၉၅၊ ၁၁၄ တို့နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ဘော်ကုန်း ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုတပ်က ဒေသခံ ၄ ယောက်ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်လို့ စွပ်စွဲကာ ပစ်သတ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒေသခံ ၄ ယောက်ထဲက ၃ ယောက်ဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် ကိုဆန်းလင်း၊ အသက် ၁၀ နှစ်အရွယ် မောင်ကုလား၊ အသက် ၂၆ နှစ်အရွယ် လူငယ် ၁ ယောက်ကတော့ ယာခင်းဆီအသွား ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး ကျန်ရွာသား ၁ ယောက်ဖြစ်တဲ့ အသက် ၆၀ နှစ်အရွယ် ဦးဖိုးသောင်းကတော့  စက်ဘီးနဲ့သွားနေချိန် ရပ်တန့်ခံရကာ ဦးခေါင်းကို ပစ်သတ်ခံခဲ့ရတာလို့ သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန် ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up