close

၄ ရက်ကြာ ကျောက်ထုတိုက်ပွဲတွင် စစ်ကောင်စီက အနည်းဆုံး ၂၂ ဦးနှင့် PDF က ၃ ဦးကျဆုံး

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုဒေသမှာ ဇန်နဝါရီ ၂၂ ရက်က ၂၅ ရက်အထိ ၄ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျောက်ထု PDF ကနေ သိရပါတယ်။

ကျောက်ထုကနေ ရွှေအောင်သာရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ဇန်နဝါရီ ၂၂ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂၃ ရက်မနက်ပိုင်းမှာတော့ ကျောက်ထု PDF က မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျောက်ထု PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ကြီးကျေးရွာဘက်မှာ ဇန်နဝါရီ ၂၃ ရက်က ပြည်သူတွေရဲ့ ဆန်တွေကို ဖျက်ဆီးပြီး ဆိုင်ကယ်တွေကို ခိုးယူပြီး ကျောက်ထုဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၄ ရက်မနက်ပိုင်းက နေရာ ၄ ခုမှာ မိုင်းဆွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ပြောပါတယ်။

“အဲဒီနေ့တိုက်ပွဲမှာ ကျောက်ထု PDF တပ်ဖွဲ့က ရဲဘော်သုံးယောက် တိုင်းပြည်အတွက် အသက်ပေးလှူလိုက်ရတယ်။ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် ကျနော်တို့ အများကြီးပဲ စိတ်မကောင်းဖြစ်ရတယ်။ နောက်တိုက်ပွဲတွေမှာ အတတ်နိုင်ဆုံး ကိုယ်ဘက်က အထိခိုက် အကျအဆုံး မရှိအောင် ကြိုးစားပြီး ပြင်ဆင်ရမယ့်အပိုင်းလေးတွေ ရှိတာပေါ့။”

မိအယ်ကျေးရွာဘက်မှာလည်း ဇန်နဝါရီ ၂၄ ရက်က ညအိပ်စခန်းချ သောင်းကျန်းပြီး ကျောက်ထုဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းမှာ ကျောက်ထု PDF က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကျောက်ထုမြို့ကနေ စထွက်ထွက်ချင်းကတော့ ကားနဲ့ထွက်လာပြီး လမ်းမှာ တပ်သားတွေချ စစ်ကြောင်းထိုးလာပြီး ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းမှာ ကျောက်ထု အမြောက်တပ်ထဲ ပြန်ဝင်သွားကြတယ်လို့ ဆိုပါတယ်။

အဓိကတော့ ပြည်သူလူထု ပူးပေါင်းပါဝင်မှုများမှ တော်လှန်ရေးကြီး မြန်မြန်ပြီးမှာဖြစ်လို့ တတ်နိုင်တဲ့ နေရာကနေ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

နှစ်ဘက်တိုက်ပွဲနဲ့ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up