ဗလာဟိုဗစ်က ဒုတိယတန်းစားတိုက်စစ်မှူးတစ်ဦးသာဖြစ်ကြောင်း ကတ်ဆာနို ဝေဖန်

ဂျူဗင်တပ်စ်အသင်းက ခေါ်ယူလိုက်တဲ့ တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ဒုတိယတန်းစားတိုက်စစ် မှူးတစ်ဦးသာဖြစ်တယ်လို့ အီတလီတိုက်စစ်မှူးဟောင်း ကတ်ဆာနိုက ဝေဖန်သွားပါတယ်။
တူရင် ကလပ်ဟာ ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်အတွက် ဖီအိုရင်တီးနားကို ပေါင် ၅၈ သန်း ပေးချေခဲ့ရပြီး ခြေစွမ်းအပေါ်မှုတည်ပြီး နောက်ထပ် ပေါင် ၈ သန်း ထပ်ပေးချေရဖို့ရှိပါတယ်။
ရိုးမား၊ မီလန်နဲ့ ရီးရဲလ်မက်ဒရစ်တို့မှာ ကစားခဲ့တဲ တိုက်စစ်မှူးဟောင်း ကတ်ဆာနိုကတော့ ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်နဲ့ နည်းပြ အယ်လီဂရီအတွက် အပြောင်းအလဲတစ်စုံတစ်ရာ လုပ်ဆောင်ပေးနိုင်မယ့်သူ မဟုတ်ဘူးလို့ ပြောပါတယ်။
“ကျနော့်အမြင်ပြောရရင် ဗလာဟိုဗစ်ရဲ့ ဆုံးဖြတ်ချက် မှားယွင်းပါတယ်။ သူ့လို ကစားသမားမျိုးက အာဆင်နယ်၊ စပါးနဲ့ ဆီဗီလာလို အသင်းတွေနဲ့က ပိုပြီးလိုအပ်တာပါ။ ကျနော့်အတွက်တော့ သူက အမြဲတမ်း ဒုတိယတန်းစားကစားသမားပဲ” လို့ ကတ်ဆာနိုက ပြောပါတယ်။
အသက်၂၂နှစ်ရှိ တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ဖီအိုရင်တီးနားနဲ့အတူ အခုနှစ်ရာသီမှာ ၂၄ ပွဲကစားပြီး ဂိုး ၂၀ သွင်းယူထားပါတယ်။