close

ထီးချိုင့်တံတားတွင် ပါဝါဘန့်ခ်ကို ဖောက်ခွဲရေးပစ္စည်းဆိုပြီး စစ်တပ်က ရှာဖွေသိမ်းဆည်းနေ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့က ဧရာဝတီတံတား(ထီးချိုင့်)မှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို စစ်ကောင်စီတပ်ဖွဲ့‌ဝင်တွေနဲ့ ရဲတွေ ပူးပေါင်း ရှာဖွေ စစ်ဆေးနေပြီး ပါဝါဘန့်ခ်တွေကို ဖောက်ခွဲရေးသုံးပစ္စည်းအနေနဲ့ စွပ်စွဲသိမ်းဆည်းနေတယ်လို့ ထီးချိုင့်မြို့ခံတွေက ပြောပါတယ်။

ဧရာဝတီတံတား (ထီးချိုင့်)ရဲ့ ထိပ်တွေမှာ ကင်းအဆောက်အဦတွေ ထားရှိစစ်ဆေးနေတာဖြစ်ပြီး ယခင်ရက်တွေကတော့ စစ်ဆေးရှာဖွေမှုတွေ ရှိပေမယ့် ပြည်သူတွေရဲ့ပစ္စည်းတွေကို သိမ်းဆည်းယူငင်တာမရှိဘူးလို့ ဒေသခံ‌ပြည်သူတစ်ဦးက ပြောပါတယ်။

"သူတို့ကတော့ ဒါမိုင်းထောင်လို့ရတယ်ဆိုပြီးတော့ သိမ်းတာပဲ၊ ရဲတွေ အရင်ရက်တွေကတော့ ဘယ်ကလဲ ဘာညာမေးပြီးရင် သွား၊ မောင်း အဲ့လိုပဲပြီးတာ ဒီကနေ့ကတော့မရဘူး၊ အကုန်လုံး တစ်ယောက်ချင်းစီကို စိစစ်နေတာပဲ" လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

ထီးချိုင့်မြို့တွင်းမှာလည်း ပြည်သူအများစုက ထိတ်လန့်ကြောက်ရွှံ့မှုကြောင့် လမ်းပေါ်ထွက်တာ နည်းပါးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထီးချိုင့်တံတားထိပ် ဂိတ်တဲတွေကနေ လက်နက်ကြီးနဲ့ပစ်ခတ်မှုတချို့ရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့ ညနေပိုင်းကတော့ လာမယ့်ဖေဖော်ဝါရီလ ၁ ရက်နေ့ပြုလုပ်မယ့် Silent Strike မှာ မပါဝင်ကြဖို့ နဲ့ ဆိုင်တွေမဖွင့်ပါက အရေးယူမယ်ဆိုပြီး အသံချဲ့စက်နဲ့ လိုက်လံကြေညာခဲ့တယ်လို့လည်း သိရပါတယ်။

"သူတို့အော်လည်း ပြည်သူတွေကတော့ ဘယ်သူမှ ထွက်လိမ့်မယ်လို့ မထင်ဘူးဗျ။ ဖွင့်လည်း ဘယ်သူမှ ထွက်မှာမထင်ဘူးဗျ။ ဆိုင်တွေမဖွင့်ရင် အရေးယူလည်း ဆိုင်သမားတွေကတော့ ဆိုင်ဖွင့်ပြီး ငုတ်တုပ်ထိုင်နေလိုက်မှာပဲ၊ ပြည်သူတွေကတော့ တစ်ယောက်မှ ထွက်မှာမဟုတ်ဘူး” လို့ မြို့ထံတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်(ဖေ့စ်ဘွတ်ခ်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up