ထိုင်းနိုင်ငံတွင် တရားမဝင်မြန်မာ ၄၈ ဦးနှင့် လူကုန်ကူးသူ ၃ ဦး ဖမ်းဆီးခံရ




မြန်မာ-ထိုင်းနယ်စပ်ကတဆင့် ထိုင်းနိုင်ငံထဲကို တရားမဝင်ခိုးဝင်သူ မြန်မာနိုင်ငံသား ၄၈ ယောက်နဲ့ ထိုင်းနိုင်ငံသား လူကုန်ကူးသူ ၃ ဦးကို ထိုင်းစစ်တပ်က ဇန်နဝါရီ ၃၀ ရက် မနက် ၃ နာရီခွဲမှာ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ကျောက်ခက်ဘက်ကတဆင့် ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ တာခ်ရိုင်၊ ဖုတ်ဖရမြို့ စီရီလတိုက်နယ်ထဲကို တရားမဝင် လာရောက်ချိန် ဖမ်းဆီးရမိခဲ့တာလို့ နယ်မြေခံထိုင်းသတင်းဌာနက အတည်ပြုရေးထားပါတယ်။
ပြည်ဝင်ခွင့်စာရွက်စာတန်း မရှိတဲ့ မြန်မာနိုင်ငံသား ကျား ၃၃ ယောက်၊ မ ၁၅ ယောက်၊ ထိုင်းလူကုန်ကူးသူ ၃ ယောက် နဲ့ မော်တော်ယာဉ် ၃ စီးပါ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှု နဲ့ အလုပ်အကိုင်တွေ ရှားပါးလာပြီး မိသားစုစားဝတ်နေရေး အဆင်မပြေကြတာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ မြန်မာအလုပ်သမားအများအပြား တရားမဝင် ဝင်ရောက်နေကြတာပါ။
ဒါ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နယ်စပ်ဂိတ်တွေ တရားဝင် မဖွင့်လှစ်သေးတာကြောင့်လည်း ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ရရာနည်းလမ်းနဲ့ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်နေကြတာလို့ အလုပ်သမားအရေး ကူညီပေးနေသူတဦးက ပြောပါတယ်။
ထိုင်းနိုင်ငံနဲ့ မလေးရှားနယ်စပ်အထိ သွားရောက်သူတွေဟာ လူကုန်ကူးသူတွေကို ထိုင်းဘတ်ငွေ ၁၈၀၀၀ မှ ၂၅၀၀၀ ဘတ်အထိ ပေးကြရတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကို တာခ်ရိုင်၊ ဖုတ်ဖရမြို့မရဲစခန်းကို လွှဲပြောင်းပေးလိုက်ပြီး ကိုဗစ်ဗိုင်းရပ်စ်စစ်ဆေးပြီးပါက ထိုင်းတရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။