ညီညွတ်မှုရှိကြောင်း ပြသသည့်အနေဖြင့် ဥရောပသမဂ္ဂကိုယ်စားလှယ်များ ယူကရိန်းသွားရောက်

ဥရောပသမဂ္ဂပါလီမန်မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ ဇန်နဝါရီ ၃၁ ရက်နေ့က ယူကရိန်းကို အလည်ရောက်ရှိလာပြီး ရုရှားကို ရင်ဆိုင်ရာမှာ ညီညွတ်မှုပြသကြရမယ်လို့ ပြောခဲ့ပါတယ်။
၉ ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ ဒေးဗစ်မက်အလစ်စတာက ဦးဆောင်လာခဲ့တာပါ။ သုံးရက်ကြာခရီးစဉ်အတွင်း ယူကရိန်း နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေနဲ့ တွေ့ဆုံစည်းဝေးပြီး အချက်အလက် စုဆောင်းသွားမှာပါ။
မက်အလစ်စတာက “ကျနော်တို့ ယူကရိန်းနဲ့ စည်းလုံးညီညွတ်မှု တသားတည်းဖြစ်မှုကို လာရောက် ပြသတာပါ။ ဥရောပသမဂ္ဂက ယူကရိန်းရဲ့ လွတ်လပ်မှုနဲ့ အချုပ်အခြာနယ်မြေပိုင်ဆိုင်မှုကို တညီတညွတ်တည်း ထောက်ခံသွားမှာပါ” လို့ ပြောပါတယ်။