စစ်ကိုင်းတိုင်း မြို့နယ်နှစ်ခုတွင် စစ်ကောင်စီတပ်က မီးရှို့နေသဖြင့် ဒေသခံများ ထွက်ပြေးနေရ



စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တွေက ကျေးရွာနေအိမ်ချို့ကို စစ်ကောင်စီတပ်တွေက ဇန်နဝါရီ ၃၁ ရက်နေ့ နေ့လယ်ပိုင်းမှာ မီးရှို့ခဲ့တာကြောင့် ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသံတွေဆီက သိရပါတယ်။
စစ်တပ်ဟာ ချင်းတွင်းမြစ်အတိုင်း ဖလပ် ၈ စီးနဲ့ ဆန်တက်လာတဲ့ စစ်သားတွေကိုလာကြိုတဲ့ တောင်ဖြူကျေးရွာနဲ့ ပန်းဆက်ကျေးရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ မင်ကင်းမြို့နယ် ကဘင်ကျေးရွာနဲ့ အနောက်တောကျေးရွာက နေအိမ်အချို့ကို မီးရှို့ခဲ့ကြတာလို့ ရွာသားတဦးက ပြောပါတယ်။
“ကျနော်တို့ အနောက်တောရွာကတော့ နေအိမ်နှစ်လုံးမီးအရှို့ခံရတယ်။ သူတို့မီးရှို့ပြီး ထွက်သွားသွားခြင်း အချိန်မီးငြိမ်းလိုက်နိုင်လို့ ၂ အိမ်ပဲ လောင်သွားတာရယ်။ စစ်ကောင်စီတပ်တွေက ကျနော်တို့ရွာကနေ ဘင်ကျေးရွာဘက်ကိုထွက်သွားပြီး မြစ်ကမ်းဘေးမှာ ရေလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ တဲ ၃၀ လောက်ကိုလည်း မီးရှို့တယ်” လို့ ပြောပါတယ်။
ဘင်ကျေးရွာဟာ အိမ်ခြေ ၁၅၀ ကျော် ၂၀၀ နီးပါရှိပြီး မိရိုးဖလာ တောင်သူလုပ်ငန်းကို လုပ်ကိုင်စားသောက်နေတဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။
အခုလို စစ်ကောင်စီတပ်က ကျေးရွာကို မီးရှို့တာကြောင့် ဒေသခံရွာသား အများပြားဘေးလွတ်ရွာ ရှောင်တိမ်းနေရပါတယ်။
အလားတူ ဒီပဲယင်းမြိုနယ်၊ ငဝဲတောကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဇန်နဝါရီ ၃၁ ရက်နေ့ မနက်ခင်းပိုင်းက စတင်ကာ မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
“ကျနော်တို ဒီပဲယင်းမြို့နဲ့နီးတဲ့ ဝပါကျေးရွာရယ်၊ သပြေသာကျေးရွာကို မနေ့က မီးရှို့ခဲ့တယ်ဗျ။ အခုမနက်ခင်းကျတော့ ကျနော်တို့ ငဝဲရွာကို ထပ်ပြီးမီးရှို့တယ်ဗျ။ ဒါနဲ့ဆို မီးရှို့ခံရတာ ၃ ရွာမြောက်ဖြစ်သွားပြီးဗျ” လို့ ဒီပဲယင်းဒေသခံတစ်ဦးက ပြောပါတယ်။
မီးရှို့ခံရတဲ့အထဲမှာ စပါးနဲ့ အခြားသီနှံတွေလည်း မီးလောင်ခဲ့သွားတယ်လို့ ဒေသခံရွာသူတွေရဲ့ ပြောပြချက်ရ အသိရပါတယ်။
စစ်ကောင်စီက မီးရှို့ဖျက်တာကြောင့် လူထိခိုက်မှုမရှိပေမဲ့ ဒေသခံ ၄၀၀၀ လောက် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။