မံစီမြို့နယ်တွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃)၊ တပ်ရင်း (၂၇) ဒေသ ဇောင်ဘုန်ထိန်နူနားမှာ ဇန်နဝါရီ ၃၀ ရက် ညနေ ၄ နာရီလောက်က ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီလက်အောက်ခံတပ်သားတွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ ခလရ-၂၂၃ နဲ့ ခမရ-၄၂၄ ပူးပေါင်းအင်အား ၁၀၀ လောက်က ကိုက်ထိတ်ကနေ တက်လာပြီး ဇောင်ဘုန်ထိန်နူနားမှာ ကချင်လွတ်မြောက်ရေး တပ်မတော်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကေအိုင်အေနဲ့တပ်နဲ့ နီးစပ်တဲ့သူက ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ နှစ်ဖက်ထိခိုက် ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီ ခလရ/ ခမရ ပူးပေါင်းစစ်ကြောင်းဟာ ဇောင်ဘုန်ထိန်နူနားမှာ ကချင်လွတ်မြောက်ရေးတပ်မတော်က ထောင်ထားထဲ မိုင်းနင်းမိရာကနေ စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
လွန်ခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာလည်း ကထန်ကောင်ကနေ ကိုက်ထိတ်ကို တက်ဖို့အတွက် ဇောင်ဘုန်အူရာရွာကနေ လမ်းဖောက်လုပ်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကချင် လွတ်မြောက်ရေးတပ်မတော် ကတားဆီးတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါသေးတယ်။