အဲဗာတန်ကို အငှားထွက်ကစားသည့် ဗန်ဒီဘိခ်ကို ရက်ရှ်ဖို့ဒ် အားပေးစကားဆို

မန်ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အဲဗာတန်အသင်းဆီကို ရာသီကုန်အထိအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားတဲ့ ဗန်ဒီဘိခ်ကို အားပေးစကားဆိုသွားခဲ့ပါတယ်။
ဗန်ဒီဘိခ်ဟာ မန်ယူအတွက် ၄ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ပွဲကစားခွင့်ပိုမိုရရှိလိုတာကြောင့် အဲဗာတန်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကတော့ အသင်းဖော် ဗန်ဒီဘိခ်ရဲ့ ပြောင်းရွှေ့မှုအပေါ် အားပေးစကားဆိုခဲ့ပြီး ‘ဘာတွေလုပ်ပြနိုင်တယ်ဆိုတာပြသလိုက်ပါ ဘရားသား’ လို့ တွစ်တာကနေတစ်ဆင့် ရေးသား ခဲ့တာပါ။
ဗန်ဒီဘိခ်ဟာ အဲဗာတန်မှာ ကျောနံပါတ် ၃ဝ ဝတ်ဆင်ကစားမှာဖြစ်ပြီး ယူနိုက်တက်မှာရရှိနေ တဲ့ တစ်ပတ်လုပ်ခပေါင် ၁ သိန်း ၂ သောင်းအတိုင်း အဲဗာတန်က ပေးချေသွားမှာပါ။
အဲဗာတန်အသင်းဟာ လာမယ့်စနေနေ့မှာ ဘရန့်ဖို့ဒ်နဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့် ကစားရဖို့ရှိပါတယ်။
အဲဒီပွဲစဉ်မှာ ကစားသမားသစ် ဗန်ဒီဘိခ်နဲ့အတူ နည်းပြ ဖရန့်လမ်းပတ်အတွက်လည်း ပွဲဦးထွက်ပွဲစဉ်အနေနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။