close

စစ်တပ်ပစ်သတ်မှုကြောင့် CDM ဆရာမတဦးအပါအဝင် ကျဆုံးပြည်သူ ၁၅၁၀ ဦးရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်အကြာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၁၀ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံ ရသူပေါင်း ၁၁၉၃၇ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက် အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူ တွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၉၃၄ ယောက် လက်ရှိချုပ်နှောင်ခံထားရ ဆဲဖြစ်ပြီး အဲဒီထဲက ၆၆၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၂ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီ မြို့မှ စည်ပင်အင်ဂျင်နီယာတယောက်ဖြစ်တဲ့ ဦးအောင်သက်ဦးကို အကြမ်းဖက်စစ်ကောင် စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့မှ သပိတ်ခေါင်းဆောင် ကိုထွန်းဦးကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁၊ ၅၂(က) နဲ့ ဇန်နဝါရီ ၃၁ ရက်က ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တာပါ။ ကိုထွန်းဦးကို ထား ဝယ်အကျဉ်းထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင် ဘာ ၃၁ ရက်ကလည်း အဆိုပါတရားရုံးကပဲ ကိုထွန်းဦးကို ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မနက် ၉ နာရီကျော်လောက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ အလယ်တန်းပြဆရာမ ဒေါ်ရီရီခိုင် (ခ) Nu Tem Boih ဟာ ဆိုင်ကယ်နဲ့ သူ့ရဲ့မိခင်ရှိရာဆီ အသွားလမ်းမှာ အကြမ်းဖက်စစ် အုပ်စုတပ်ရဲ့ ပစ်ခတ်ခံခဲ့ရပြီး ဝမ်းဗိုက်မှာ ကျည်ထိမှန်ခဲ့ကာ အဲဒီဒဏ်ရာနဲ့ပဲ ဆေးရုံမှာ ကျ ဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up