မကွေးတိုင်းအတွင်း တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၃ ဦး ထက်မနည်းသေ ၊ စစ်ကောင်စီတပ်သားအချို့ ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နဲ့ စစ်ကိုင်တိုင်း ကလေးမြို့နယ်အစပ်မှာ ဖေဖော်ဝါရီ ၂ ရက်နေ့မနက်ပိုင်း စစ်ကောင်စီတပ်၊ ပျူစောထီးပူးပေါင်းတပ်တွေနဲ့ ဒေသခံ CDF-KKG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲ ဖြစ်ပွားရာ ပျူစောထီး ၃ ယောက်ထက်မနည်းသေဆုံးသွားပါတယ်
မနေ့ မနက် ၉ နာရီလောက်က မြောက်ခင်ရမ်း၊ ကုက္ကား၊ ဟာသာဝတီနဲ့ ကြံသာရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်အင်အား ၁၀၀ လောက်ဟာ မှန်တောကျေးရွာနားမှာ CDF-KKG တပ်ရင်း (၄)ကထောင်ထားတဲ့ မိုင်းကို ၂ ကြိမ်နင်းမိပြီး တစ်နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ CDF-KKG ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ ပျူစောထီး ၃ ယောက်ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ CDF-KKG က ရဲဘော်တစ်ယောက် လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ခွေကြိမ်ရွာနဲ့သံဖိုရွာကြားမှာလည်း ဒီကနေ့ မနက် ၁၁ နာရီလောက်က ကလေးမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီကား ၅ စီးကို CDF-KKG တပ်ရင်း(၃)က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက်လောက် ဒဏ်ရာရရှိသွားတယ်လို့ ပြောပါတယ်။
အဲဒီ စစ်ကား ၅ စီးဟာ လက်ရှိ မှန်တောရွာမှာတပ်စွဲထားပြီး ပျူစောထီးတွေနဲ့ ပူးပေါင်းကာ ပြည်သူတွေ မွေးမြူထားတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောနေတယ်လို့ လည်းဆိုပါတယ်။
ဂန့်ဂေါ-ကလေး ကားလမ်းမှာ တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ အဲဒီလမ်းပိုင်းကို ဒီကနေ့ ည ၉ နာရီကနေ ဖေဖော်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့)အထိ လုံးဝအသုံးမပြုကြဖို့ သတိပေးထားပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာလည်း ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်ပိုင်းက ပျူစောထီးခေါင်ဆောင် တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ PKU-GZ တပ်ဖွဲ့ကနေ သိရပါတယ်။
မြိုင်မြို့နယ်၊ တွင်းမအုပ်စု၊ အလယ်စုရွာမှာ ဒီကနေ့မနက် ၇ နာရီကျော်လောက်က ပျူစောထီးခေါင်းဆောင် လွင်အေး(ခ)ငမွှားကို သေနတ်နဲ့ ၂ ချက် ပစ်ခတ်ပြီး သုတ်သင်ခဲ့တာလို့ PKU-GZ တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်တိုက်ဂါးကပြောပါတယ်။
“စစ်ကောင်စီက သူတို့ကို လက်နက်ထုတ်ပေးထားတာဗျ။ ရွာထဲမှာ သေနတ် တကားကားနဲ့ ပြည်သူလူထုကို ခြိမ်းခြောက်တယ်။ PDF တွေနဲ့ ဆက်စပ်တဲ့ သူတွေနဲ့ ထောက်ပံ့တဲ့ သူတွေကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်တာကြောင့် ပစ်ခတ်သုတ်သင်လိုက်တာလို့ ဆိုပါတယ်။
အဲဒီ ပျူစောထီးခေါင်းဆောင် သေဆုံးပြီးတဲ့နောက် ပျူစောထီးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းပြီး သံဘိုရွာနားက ဇော်ဂျီတောင်ကို ဝိုင်းထားကာ နေရာအနှံ့ ပိတ်ဆို့ရှာဖွေနေပါတယ်။
“အဲဒီပျူစောထီးခေါင်းဆောင်သေဆုံးပြီးတော့ ကျနော်တို့ ရွာကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေရောက်နေပြီးတော့ စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်ဗျ။ အန်အယ်လ်ဒီပါတီ ထောက်ခံဝန်းရံတဲ့ သူတချို့တော့ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရတယ်” လို့ ပြောပါတယ်။
မိဘပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တတ်နိုင်သရွေ့ အကူညီပေးကြဖို့နဲ့ စစ်အာဏာရှင် အမြစ်ပြတ်တိုက်ထုတ်ရေး တိုက်ပွဲတွေကို ဒီထက်မက အရှိန်ဟုန်မြှင့်ပြီး လုပ်ဆောင်သွားမယ်လို့ PKU-GZ တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ကပြောပါတယ်။
ရေစကြိုမြို့နယ် ဝက္ကတောရွာမှာလည်း မနေက မနက်ပိုင်းမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင်တစ်ယောက် ပစ်သတ်ခံရသလို ဖေဖော်ဝါရီလ ၁ ရက်နေ့ညမှာလည်း ပခုက္ကူမြို့နယ် ရွှေဒါးကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။