close

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီစက်လှေများကို မင်းကင်း PDF က ပစ်ခတ်တိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်းလာတဲ့ စစ်ကောင်စီ စက်လှေတွေကို မင်းကင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီ ၂ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ကျော်လောက်နဲ့ ပျူစောထီးအဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဘက် အင်းအားများအပြားနဲ့ ကုန်းပေါ်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ကြောင့် စစ်ကောင်စီတပ်သားအများအပြားကျဆုံးနိုင်ပြီး တဖက်ကမ်းကနေ လက်နက်ကြီး ကူပစ်ပေးတဲ့ ပျူစောထီးအဖွဲ့တွေကိုလည်း စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သေတဲ့အရေအတွက်ကတော့များတယ်။ ဒါပေမယ့် သူတို့က စက်လှေပေါ်မှာပဲ ပါသွားတာဆိုတော့လေ။ အဲဒီမှာက ဘယ်နှယောက်သေတယ်ဆိုတာက Dead Body မကြည့်ရတဲ့ အခါကျတော့ အတိအကျကတော့ပြောလို့ မရဘူး။ ဒါပေမယ့် ၂၀ ကျော် ၃၀ ကတော့ ရှိမယ်ပေါ့။ တိုက်ခိုက်တဲ့ အရေအတွက်က ကျနော်တို့ဘက်က အင်အားများတဲ့အခါကျတော့  ဟိုဘက်ကမ်းက ပျူဒလန်တွေက လက်နက်ကြီးပစ်ကူတာရှိတယ်။ အဲဒါကျတော့ စနိုက်ပါနဲ့ ထောက်ပြီး လှမ်းပစ်တာက ၃ ကောင်ကျတယ်။ အဲဒါက တိတိကျကျ Dead Body မြင်လိုက်ရလို့ သိတယ်။ စက်လှေပေါ်မှာက Dead Body မမြင်လိုက်ရဘူး” လို့ မင်းကင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောကြားပါတယ်။

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆင်းလာတဲ့ စစ်ကောင်စီတပ်စက်လှေတွေနဲ့ အင်အား ၂၀၀ ၀န်းကျင်လောက်နဲ့  မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်လူအင်အားများများနဲ့ ကုန်းပေါ်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲက ရေကြောင်းမှာပေါ့။ ကျနော်တို့က ကမ်းစပ်မှာပေါ့။ ကုန်းပေါ်ကနေ ရေထဲကို ပစ်ချတာ။ ချင်းတွင်းမြစ်ကြောင်း  စက်လှေက ၇ စီး၊ ဖလက်ခွန်က ၅ စီး၊ ရှေ့က ပွိုင့်သွားတဲ့ အမြန်ယာဉ် ၁ စီးရယ်၊ နောက်က ပွိုင့်လိုက်တဲ့ အမြန်ယာဉ် ၁ စီးရယ်ဆိုရင်အင်အားက အားလုံးစုစုပေါင်း ၂၀၀ ကျော်မှာပေါ့။” 

မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်တပ်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ င်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

“အထိအခိုက်မရှိအောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရတယ်ဗျ။ ဘန်ကာတွေ တူးရတယ်။ က တုပ်ကျင်းတွေ တူးရတယ်။ အကွယ်အကာကောင်းအောင်ပြင်ဆင်ရတယ်။ ရန်သူ့ လက်နက်ကို ပစ်ချိန်မရအောင်  ကျနော်တို့က အင်တိုက်အားတိုက်နဲ့ ပစ်ချရတာပေါ့။ အဓိကက ရန်သူ ကျနော်တို့ ပစ်ချိန်မရအောင်လက်နက်အားကောင်းကောင်းနဲ့များများ ပစ်နိုင်ခဲ့တာပေါ့။” 

ချင်းတွင်းမြစ်ကြောင်းအတွင်းရေကြောင်းလမ်းကို မင်းကင်းမြို့နယ်အပြင် တခြားမြို့နယ်တွေမှာပါ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ရေကြောင်းကို တိုက်ခိုက်တဲ့နေရာမှာ စစ်ကောင်စီရဲ့ ကုန်စည်စီးဆင်းမှုအပိုင်းရယ်၊ ရေလမ်းခရီးအသုံးပြုမှု အပိုင်းရယ်ကို အဓိကထား ထိန်းချုပ်နေ တာဖြစ်ပြီး ရေကြောင်းထိန်းချုပ်နိုင်ပါက စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမယ့် အနေအထားရောက်လာနေပြီလို့ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up