ဆီးရီးယားနိုင်ငံတွင်း စစ်ဆင်ရေး၌ အရပ်သားသေဆုံးမှု စစ်သွေးကြွလက်ချက်ဟု ပင်တဂွန်ပြော

ဆီးရီးယားနိုင်ငံထဲက အိုင်အက်စ်စစ်သွေးကြွခေါင်းဆောင်ကို အမေရိကန်က စီးနင်းမှုအတွင်း အရပ်သားတွေ သေဆုံးခဲ့တာဟာ အမေရိကန်တပ်တွေကြောင့် မဟုတ်ဘဲ စစ်သွေးကြွ အုပ်စုကြောင့်ဆိုတာ ခိုင်မာတဲ့ ညွှန်ပြချက်တွေရှိတယ်လို့ အမေရိကန်ရဲ့ ပင်တဂွန်စစ်တပ် ပြောခွင့်ရ ဂျွန်ကာဘီက ဖေဖော်ဝါရီ ၃ ရက်မှာ ပြောပါတယ်။
အမေရိကန် ကွန်မန်ဒိုတပ်တွေက ညတွင်းချင်း စီးနင်းချိန်မှာ အိုင်အက်စ်စစ်သွေးကြွခေါင်းဆောင် အဘူ အီဘရာဟင်မ် အယ်လ် ဟာရှီမီက သူ့ကိုယ်သူ ဗုံးနဲ့ ဖောက်ခွဲခဲ့လို့ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် သူ့မိသားစုဝင်တွေ သေဆုံးခဲ့တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
အမေရိကန် စစ်တပ်ဟာ စီးနင်းမယ့် ဧရိယာထဲကနေ ကလေးတွေအပါအဝင် လူဆယ်ယောက်ကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့သေးတယ်လို့ ကာဘီက သတင်းထောက်တွေကို ပြောပါတယ်။
“အရပ်သား သေဆုံးမှု အစီရင်ခံစာတွေကို စိုးရိမ်တယ်၊ တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးဖို့ အရေးကြီးလိမ့်မယ်” လို့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်က မှတ်ချက်ပေး ပြောဆိုခဲ့တယ်။
ဒါပေမယ့် အစ္စလာမ္မစ် စစ်သွေးကြွတွေအပေါ် ဘယ်လိုအောင်နိုင်မှုကိုမဆို ကြိုဆိုတယ်လို့ ကုလသမဂ္ဂ ဒုပြောခွင့်ရ ဖှာဟန်ဟက်ခ်က ပြောလိုက်ပါတယ်။
အိုင်အက်စ် စစ်သွေးကြွတွေဟာ ကပ်ဆိုး ကြမ္မာဆိုးတွေနဲ့ သေဆုံးမှုတွေကို ထောင်ချီတဲ့ ကလေးတွေ အမျိုးသမီး အမျိုးသားတွေဆီကို သယ်လာခဲ့ပြီး ငရဲဆန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ဖြစ်တာကြောင့် ဒီအခိုက်အတံ့မှာ အကြမ်းဖက်ဝါဒရဲ့ သားကောင်တွေ၊ မိသားစုတွေကို သတိရချင်တယ်လို့ သူက ဆက်ပြောပါတယ်။
အမေရိကန်သမ္မတ ဘိုင်ဒန်ကရော အမေရိကန် အရာရှိတွေကပါ စီးနင်းမှုအတွင်း သေဆုံးသူ အရေအတွက် စုစုပေါင်းကို မပြောခဲ့ပါဘူး။
ဆီးရီးယားကယ်ဆယ်ရေး လုပ်သားတွေကတော့ ကလေး ၆ ယောက်၊ အမျိုးသမီး ၄ယောက် အပါအဝင် လူ ၁၃ယောက်ထက်မနည်း သေဆုံးတယ်လို့ ပြောပါတယ်။
အမေရိကန်တပ်တွေဟာ ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း အတ္တမာမြို့ထဲမှာ အိုင်အက်စ်စစ်သွေးကြွခေါင်းဆောင်ကို ချောင်ပိတ်ဖမ်းခဲ့လို့ သူ့ကိုယ်သူ ဖောက်ခွဲခဲ့တာပါ။
ပေါက်ကွဲမှုအားက သိပ်ပြင်းထန်လို့ အနားဝန်းကျင်က လမ်းတွေထဲအထိ အလောင်းတွေ လွင့်စင်ကုန်တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
အိုင်အက်စ်စစ်သွေးကြွခေါင်းဆောင် သေဆုံးမှုဟာ အိုင်အက်စ်တွေအတွက် ၃ နှစ်အတွင်း နောက်ထပ် ဆုံးရှုံးမှုတရပ်ပါ။
အိုင်အက်စ်တွေဟာ ဘာသာရေးဆရာ အုပ်ချုပ်တဲ့ ကာလီဖိတ်နိုင်ငံကို ထူထောင်ပြီးပြီလို့ ကြေညာအပြီး ၃ နှစ်အတွင်း အမေရိကန်နဲ့ အီရတ်တပ်တွေကို ရှုံးနိမ့်ခဲ့လို့ သူတို့ ပိုင်နက်လည်း တစစီ ပြိုကွဲခဲ့ပါတယ်။