ဖားကန့်မြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားတောင်ပိုင်း မာနော့မှော်ကျေးရွာဘက်မှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ မာနော့မှော်ဘက်ကို မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဂျက်လေယာဉ် ၂စီး၊ ရဟတ်ယာဉ် ၁ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး နန့်ယားရှိ စစ်ကောင်စီတပ်စခန်းကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
"တိုက်ပွဲကမနေ့က ညနေ ၅ နာခွဲလောက်ကတည်းက ဖြစ်တာ။ ညကနားပြီး မနက်ပိုင်း ၇ နာရီလောက်မှာ ပြန်တိုက်ကြတာ။ နေ့လယ် ၁၂ လောက်က လေယာဉ်နဲ့ လာပစ်ကြတာ။ အစက ဂျက်လေယာဉ် ၂ စီး ဟုတ်တယ်။ နောက်မှာ ရဟတ်ယာဉ် ၁ စီးနဲ့ ပြန်လာပစ်တယ်။ နန့်ယားက စစ်ကောင်စီတပ်စခန်းကလည်း အဲ့တိုက်ပွဲဖြစ်တဲ့ဘက်ကို လက်နက်ကြီးနဲ့ ပစ်တာ အချက် ၃၀ကျော် ၄၀ လောက်ရှိမယ်ထင်တယ်။ စစ်ကောင်စီဘက်က အကျအဆုံးများလို့ လေယာဉ်နဲ့ ပစ်ကူတာထင်တယ်။ အနီးအနားက ရွာတွေတော့ လက်နက်ကြီးကျတာတွေ ရှိလောက်တယ်။ ကားလမ်းနဲ့တော့ ဝေးပါတယ်။ ခရီးသွားကားတွေကတော့ သွားနေကြတယ်။ တိုက်ပွဲကတော့ အခုညနေအထိ ဖြစ်နေတုန်းပဲ'' လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဇန်နဝါရီ ၂ ရက်နေ့က စစ်အင်အား ၈၀ လောက်နဲ့ ကားမိုင်းမြို့ဘက်က တက်လာတဲ့ အဖွဲ့ဖြစ်ပြီး ကေအိုင်အေတပ်မဟာ ၉ လက်အောက် တပ်ရင်း ၄၄ အဖွဲ့က လမ်းခုလမ်းမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်း ၇ နာရီလောက်က ပြန်လည်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းအထိလည်း တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ ဖားကန့်သွားလမ်းမပေါ်ရှိ ဆိုင်းဖရာကျေးရွာရဲ့ မြောက်ဘက်ခြမ်းရှိ ၃ မိုင်ခန့်ဝေးတဲ့ နေရာမှာ ဖြစ်ပါတယ်။