ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ရှောင်တိမ်း

မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာနေတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်ပြီး ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။
“စစ်တပ်က ၂ ရက်လောက်ရှိပြီ၊ ကနင်ကမော့ကျေးရွာဘက်မှာ မနေ့ကတည်းက ရောက်နေတယ်။ ဒီနေ့ ဒါကဒိုက် အနီးဘုရားကုန်းမှာ အခုတပ်စွဲထားတော့ ပတ်ဝန်းကျင်က ရွာကလူတွေ မသွား ရဲမလာရဲကြဘဲ ရှောင်တိမ်းနေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ ရေး-မော်လမြိုင် သွားကားလမ်းမှာ ရေး PDF တွေရဲ့ မကြာခဏ ချုံခို ကြားဖြတ်တိုက်ခိုက်ခံရလေ့ရှိတာကြောင့် ကားလမ်းဘေးရှိအနီးနား ပတ်ဝန်းကျင်က ရွာတွေဘက်ကို အခုလို စစ်အင်အားတိုးချဲ့ပြီး စစ်ရေးစတင်လှုပ်ရှားလာနိုင်ခြေ ရှိတယ်လို့ ဒေသခံတချို့က သုံးသပ်နေကြပါတယ်။
“ဒေသခံတွေကိုတော့ စစ်တပ်က လူကို စစ်ဆေးတာ၊ ဖမ်းဆီးတာတွေတော့ မလုပ်ဘူးဆိုပေမဲ့ စစ်တပ်က ရွာနားမှာရှိနေတော့ ဒီကလူတွေ ခြံသမားတွေ၊ လက်လုပ်လက်စားတွေ များတော့ အခုဆိုရင် လုပ်ငန်းခွင်ကိုလည်း မလုပ်ရဲကြဘူး” လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။
လက်ရှိမှာတော့ ရေး PDF နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့မှုတော့ မရှိသေးပေမဲ့ နေရာမရွေး၊ အချိန်အခါမရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်ခြေရှိတာကြောင့် ပြည်သူတွေ သွားလာတာတွေ သတိရှိကြဖို့ ရေး PDFတွေက အသိပေးထားပါတယ်။