ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ် အင်အားတိုးချဲ့လာသဖြင့် ပြည်သူများကို PDF သတိပေး

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ အခုရက်တွေမှာ စစ်အင်အား တိုးချဲ့လာပြီး အချိန်မရွေး၊ နေရာမရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ မလိုအပ်ဘဲ အသွားလာတွေမလုပ်ကြဖို့ ရေးပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက သတိပေးလိုက်ပါတယ်။
စစ်ကောင်စီတပ်ဟာ ရေးမြို့နယ်မှာရှိတဲ့ သတင်းပေးတွေ၊ စစ်တပ်နဲ့ နီးစပ်တဲ့သူတွေ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကျေးစာရေးတဦးပါ လုပ်ကြံပစ်ခတ်ခံရတာ၊ မော်လမြိုင်ကနေ ရေးဘက်ဆင်းလာတဲ့ စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် အခုလို စစ်အင်အားတွေ တိုးချဲ့ပြင်ဆင်လာတာလို့ ဆိုပါတယ်။
ရေး PDF က လူအင်အားရှိနေပေမဲ့ လက်နက်တွေ မလုံလောက်တာကြောင့် စစ်ကောင်စီ တပ်တွေကို ပြောက်ကျားနည်းစနစ်နဲ့သာ တိုက်ခိုက်နေကြရပြီး စစ်ကောင်စီတပ်ဘက်က အင်အားသုံး တိုက်ခိုက်လာပါက ပြန်လည်တိုက်ခိုက်သွားမယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကျုံလောင်းရွာဟောင်းကျေးရွာအုပ်စုမှာ ယာယီတပ်စွဲထားပြီးတော့ PDF တွေ ရှိနိုင်မယ့်နေရာတွေကို ရှာဖွေလာပါက နှစ်ဖက်ထိတွေ့တိုက်ပွဲ အချိန်မရွေး ဖြစ်လာနိုင်တာကြောင့် ခြံသမားအများစုက အလုပ်ကို မသွားရဲကြဘူးလို့ ဒေသခံခြံသမားတဦးက ပြောပါတယ်။
ဒါ့အပြင် ရေးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း မတရားဖမ်းဆီးခံထားရသူ ၁ ဒါဇင်နီးပါး ရှိလာပြီလို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်တဲ့ အစင်စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့် ဖေဖော်ဝါရီ ၂ ရက်နေ့က သေနတ်နဲ့ လုပ်ကြံခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်ဘက်က သံသယရှိတဲ့သူတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်လာနေတာလို့ ဆိုပါတယ်။
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦး အပါအဝင် ၁ ဒါဇင် ကျော်လောက်ကို ဖမ်းဆီး စစ်ဆေးနေပြီး ဒီနေ့အထိ ပြန်လွှတ်ပေးခြင်းမရှိတဲ့အတွက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရမှာကို ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။