close

ယူဂန်ဒါနိုင်ငံက ကွန်ဂိုအတွက် လျော်ကြေး ကန်ဒေါ်လာ ၃၂၅ သန်း ပေးရန် ICJ အမိန့်ချ

ယူဂန်ဒါနိုင်ငံအနေနဲ့ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံအား လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၃၂၅ သန်းပေးဆောင်ဖို့  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ပါတယ်။

၁၉၉၈ နဲ့ ၂၀၀၃ ခုနှစ် စစ်ပွဲကာလအတွင်း ယူဂန်ဒါတပ်တွေက လက်နက်ကိုင်အုပ်စုတွေကို ထောက်ပံ့ဖို့ သံယံဇာတရင်းမြစ်ပေါကြွယ်တဲ့ ကွန်ဂိုနိုင်ငံအစ်တူရီပြည်နယ်ကို နိုင်ငံတကာဥပဒေ ချိုးဖောက်ပြီး ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့အတွက် နစ်နာမှုလျော်ကြေးပေးဖို့ ICJ  က ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်လိုက်တာပါ။ 

ကွန်ဂိုက ကုလသမဂ္ဂတရားရုံးမှာ ၁၉၉၉ ကတည်းက အမှုဖွင့်ထားပြီး လျော်ကြေး ဒေါ်လာ ၁၁ ဘီလီယံ တောင်းခံထားတာပါ။ 

ဗုဒ္ဓဟူးနေ့က ကြားနာမှုမှာ ယူဂန်ဒါက ကွန်ဂိုတောင်းခံတဲ့ ငွေကြေးပမာဏဟာ ယူဂန်ဒါရဲ့  စီးပွားရေးပြိုလဲနိုင်တယ်လို့ ပြောပါတယ်။ 

ယခုချမှတ်တဲ့ လျော်ကြေး ဒေါ်လာ ၃၂၅ သန်းဟာ ယူဂန်ဒါဘက်က တတ်နိုင်တဲ့ ပမာဏာ ဖြစ်တယ်လို့ တရားသူကြီးတွေက ပြောပါတယ်။  ဒီနှစ် စက်တင်ဘာမှာ ဒေါ်လာ ၆၅ သန်း စပေးရမှာဖြစ်ပြီး ၅ နှစ် အရစ်ကျ ပေးရမှာပါ။

လျော်ကြေးငွေထဲမှာ ဒေါ်လာ ၂၂၅ သန်းက ယူဂန်ဒါတပ်တွေ အစ်တူရီကို သိမ်းပိုက်ထားစဉ်အတွင်း သေဆုံးခဲ့သူ ၁၅,၀၀၀ ရဲ့ မိသားစုတွေအတွက် နစ်နာကြေး၊ ဒေါ်လာသန်း ၄၀ က ပိုင်ဆိုင်ပစ္စည်း ပျက်စီးမှု လျော်ကြေး၊ ဒေါ်လာသန်း ၆၀ က သဘာဝသံယံဇာတပျက်စီးမှု လျော်ကြေးအဖြစ် သတ်မှတ်ပါတယ်။ 

နိုင်ငံနှစ်နိုင်ငံကြား အငြင်းပွားမှုအပေါ်  ယခု ICJ ရဲ့ ဆုံးဖြတ်ချက်က အပြီးအပြတ်ဖြစ်ပြီး အယူခံဝင်မှု မရှိရပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up