မင်းကင်းမြို့နယ် နေအိမ်အချို့ကို စစ်တပ်ကဝင်ရောက်ဖျက်ဆီးပြီး ရွှေနှင့်ငွေများ ယူဆောင်


စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသ ပျားသုန်းကျေးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၁ နေ့ မနက် ၁၁ နာရီလောက်မှာ ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ဒေသခံတွေရဲ့ ရွှေနဲ့ငွေတွေကို ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီကျေးရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ မင်းကင်းမြို့နယ် ကြာပင်ကျေးရွာကနေ အင်အား ၁၀၀ လောက်နဲ့ လာရောက်ဖျက်ဆီးခဲ့ကြတာလို့ ဆိုပါတယ်။
ဒေသခံရွာသားတစ်ဦးက “သူတို့က မနက် ၁၁ လောက်ကနေ ကြာပင်ကနေလာပြီး ကျနော်တို့ရွာက အိမ် ၅ လုံးရယ်၊ ရွှေ ၂ ကျပ်သားရယ်၊ ငွေ ၅ သိန်း ယူသွားတယ်။ နောက်ပြီး ကလေးစုဘူးထဲက ငွေ ၃ သိန်းရောယူသွားတယ်ဗျ။ ပဲတွေလည်း အကုန်ဖျက်ဆီးသွားကြတယ်။ ကြက်ဥအလုံး ၂၀၀ လောက်လည်း ယူသွားကြတယ်” လို့ ပြောပါတယ်။
ပျားသုန်းကျေးရွာကို စစ်ကောင်စီက ဝင်ရောက်ခဲ့တာကြောင့် ဒေသခံရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး စစ်ကောင်စီတပ်ဟာ ညနေ ၃ နာရီလောက်မှ ရွာအတွင်းကနေ ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
မင်းကင်းမြို့နယ်ဟာ ပျူစောထီးအားကောင်းတဲ့ မြို့နယ်တစ်ခုဖြစ်ကာ ပျူစောထီးအားကောင်းတဲ့ ကျေးရွာအနီးမှာနေထိုင်တဲ့ အခြားကျေးရွာတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အနိုင်ကျင့်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။