ဒီးမော့ဆို၌တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အလွန်အကျွံပစ်ခတ်နေ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၃ နာရီလောက်က စတင်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ခုခံကာကွယ်ရေး ပြည်သူ့တပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
“ဒီနေ့မနက် သုံးနာရီလောက်ကတည်းက အကြမ်းဖက်တပ်ဘက်က လက်နက်ကြီးတွေ စတင်ပစ်ခတ်လာပြီး တိုက်ပွဲဖြစ်ပွားနေပါတယ်" လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ အလွန်အကျွံပစ်ခတ်နေပြီး လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲတာတွေရှိနေပါတယ်။
"အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေကို အဆက်မပြတ် ပစ်ခတ်နေတာပါ။ မြေကြီးနဲ့ အိမ်တွေ တုန်ခါနေတာပဲ။ ရပ်ကွက်အတွင်းက ကျတာလည်းရှိတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီမနက်စောပိုင်းက စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး စစ်ရှောင်စခန်း တခုကို ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ရှောင်စခန်းက လူအချို့ ဒဏ်ရာရာရရှိခဲ့သလို နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ၁၁ နာရီချိန်ကစပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်ရော၊ တိုက်လေယာဉ်နဲ့ပါ ဝေကကနေ ပျံသန်းနေတယ်လို့လည်း စစ်ရှောင်အမျိုးသမီး တဦးက ပြောပါတယ်။
“အခုပဲ ဟက်စကီး ဟက်လီကော်ပတာ တစ်စီးလာတယ်။ ကျမတို့နေတဲ့ရွာတော့မရောက်ဘူး။ အပေါ်မှာတော့ရောက်တယ်။ နီးနီးကပ်ကပ်ပဲ ပျံတယ်။ အဲဒါ အခြေအနေက ဘယ်လိုလာဦးမလဲမသိဘူး။”
ဒါအပြင် မနက် ၁၁ နာရီအချိန်ကစပြီး ဒီးမော့ဆိုမြို့ ရွှေယောက်ရပ်ကွက်က နေအိမ်တွေကို စစ်ကောင်စီဘက်က မီးရှို့နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း လူနေအိမ်ထိခိုက်ပျက်စီးမှုနဲ့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှု၊ နှစ်ဖက်တပ်တွေရဲ့ ထိခိုက်ဒဏ်ရာရာသေဆုံးမှု အခြေအနေတွေကို အသေးစိတ် မသိရှိရသေးပါဘူး။
၂၀၂၁ ခုနှစ်၊ ဖေဖဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ဒီးမော့ဆိုမြို့နယ်က အရပ်သားပြည်သူတွေဟာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်၊ မေလပိုင်းမှာတော့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူလုထုတွေကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်တာတွေ ပြုလုပ်လာတာကြောင့် ဒေသခံတွေဟာ ရရာလက်နက်နဲ့ ခုခံတော်လှန်ရင်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ဒီးမော့ဆိုမြို့နယ်က အပြစ်မဲ့အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရတာရှိခဲ့ပြီး ဘာသာရေးဆိုင်ရာ အဆောက်အဦတွေ၊ ပြည်သူလုထု နေအိမ်တွေ ရာနဲ့ချီပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်က သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။