ပူတာအို ရေခဲတောင်တက်ခရီးသည် နည်းလာသဖြင့် ဒေသခံများ အခက်အခဲကြုံ






၂၀၂၂ ခုနှစ်မှာ ကချင်ပြည်နယ် ပူတာအိုရေခဲတောင်တက်ခရီးသည်တွေ နည်းပါးလာတာကြောင့် ရေခဲတောင်ခြေက ရွာခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ၀င်ငွေ နည်းပါးလာတာကြောင့် ဒေသခံတွေ အခက်အခဲကြုံနေကြရပါတယ်။
"ခါတိုင်းနှစ်ဆို ဇီယာဒမ်းရွာရဲ့ အိမ်တိုင်းမှာ ခရီးသွား ဧည့်သည်တွေ အပြည့်ပါပဲ။ ၂၀၂၂ ခုနှစ်တော့ လူတွေ သိပ်မလာတော့ဘူး။ တစ်ပတ်ကို တစ်ဖွဲ့၊ နှစ်ဖွဲ့လောက်ပဲ ရေခဲတောင်ကို တက်နေကြတယ်။ ခရီးသည်မလာတော့ ရွာခံတွေလည်း ဝင်ငွေမရကြဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။
ရေခဲတောင်ခြေရွာတွေ ဒေသခံတွေဟာ ခရီသွားတွေလာရောက်ပါက လမ်းပြအနေနဲ့ မိသားစု၀င်ငွေကို တစ်ဖက်တစ်လမ်းမှ ရရှိနေကြတာလို့ ခရီးသွားတစ်ဦးက ပြောပါတယ်။
“ရေခဲတောင်တက် ခရီးသွားများအားလုံးက ရေခဲတောင်ခြေရွာတွေမှာ တည်းရတယ်။ အထူးသဖြင့် ခါးလန်ရွာနဲ့ ဇီယာဒမ်းရွာတို့မှာ တည်းရပါတယ်။ သူတို့ဆီမှာတည်းတဲ့ ခရီးသည်တွေက လမ်းပြခေါ်တာရှိတယ်။ မဟုတ်ရင် ဟင်းဖိုးဆိုပြီးပေးတော့ မိသားစု အပို၀င်ငွေရပါတယ်။”
ကိုဗစ်-၁၉ ကာလနဲ့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပူတာအိုရေခဲတောင်တက် ခရီးသွား နည်းပါးလာတာကြောင့် ရေခဲတောင်ခြေ ဒေသခံတွေ ၀င်ငွေနည်းလာသလို ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။