close

စစ်ဘက်၊ အရပ်ဘက်ဝန်ထမ်းများအားလုံး CDM ပြုလုပ်ရန် KSCC တိုက်တွန်း

ကရင်နီပြည်အတွင်း CDM မပြုလုပ်ဘဲ စစ်ကောင်စီကို သစ္စာခံနေတဲ့ စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းတွေအားလုံး  အာဏာဖီဆန် CDM ပြုလုပ်ကြဖို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) က ဖေဖော်ဝါရီလ ၁၃ ရက်မှာ  ကြေညာချက်ထုတ် တိုက်တွန်းလိုက်ပါတယ်။ 

စစ်ကောင်စီဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ထောက်ထားငဲ့ညှာခြင်းမရှိဘဲ အပြစ်မဲ့ ပြည်သူတွေကို ကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးငယ်တွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ  ကရင်နီပြည်နယ်မှာ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းခြင်းမလုပ်နိုင်ပါက နောက်ထပ် နှစ်ပေါင်း ၇၀ အာဏာရှင်စနစ်အောက်ကို  ပြန်လည်ရောက်ရှိသွားမှာဖြစ်ပြီး စစ်အာဏာရှင်စနစ်အောက် ထပ်မံမရောက်ရှိဖို့ CDM ရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေးကြီးတဲ့အတွက် ပြည်သူ့ဝန်ထမ်းတွေ CDM မှာ ဆက်လက်ပါဝင်ဖို့ တိုက်တွန်းတာလို့ ဆိုပါတယ်။ 

“အာဏာသိမ်း အကြမ်းဖမ်း စစ်ကောင်စီကို သစ္စာခံ၍ တာဝန်ထမ်းဆောင်နေတဲ့ ကျန်ရှိနေတဲ့ ဝန်ထမ်းတွေကို CDM ပြုလုပ်ခြင်းဖြင့် ပြည်သူနဲ့ ပူးပေါင်းဖို့ တော်လှန်ရေးအင်အားစုတွေကို စည်းရုံးဖိတ်ခေါ်ခဲ့ပြီး အချိန်ကာလဖြင့် တနှစ်ကျော်ကြာလာခဲ့ပြီဖြစ်လို့ လုံလောက်တဲ့အချိန်ဖြစ်သည်ဟု သတ်မှတ်ကြောင်း” ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နှစ်ပေါင်း ၇၀ ကျော်ကြာ ကြီးစိုးလွှမ်းမိုးနေခဲ့တဲ့ စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှကို အမြစ်ပြတ်ချေမှုန်းရာမှာ သူတို့ရဲ့ ယန္တရားလည်ပတ်နိုင်အောင် အထောက်ကူပြုနေတဲ့ ထောက်တိုင်အားလုံးကို ချေမှုန်းဖြိုလှဲသွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။ 

၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို လက်မခံနိုင်တဲ့အတွက် ပြည်သူလူထုတရပ်လုံးအနေနဲ့ ပြည်သူအာဏာ ပြည်သူ့လက်ဝယ်ပြန်လည်ရရှိရေး နည်းမျိုးစုံ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်း ဆိုခဲ့ပါတယ်။ 

ပြည်သူဝန်ထမ်းတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီကို အုပ်ချုပ်ခွင့်မရစေဖို့အတွက် အကြမ်းမဖက် အာဏာဖီဆန်  CDM လှုပ်ရှားမှုမှာ  ပါဝင်ခဲ့ပါတယ်။ 

ဒီလို ပူးပေါင်းမှုကြောင့်သာ အာဏာသိမ်းမှု တနှစ်အတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ မတည်ဆောက်နိုင်ဘဲ ယိုယွင်းပျက်စီးပြီး ဖြစ်နေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ 

အခု ၂၀၂၂ ခု ဖေဖော်ဝါရီ ၃ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီရဲ့  ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကရင်နီပြည်နယ် ရောက်လာပြီး မြို့နယ်စစ်ကောင်စီဝင်တွေကို ခေါ်ယူတွေ့ဆုံကာ ဝန်ထမ်းတွေ အခု ဖေဖော်ဝါရီ ၂၅ ရက်နေ့ နောက်ဆုံးထား ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up