မြစ်ကြီးနားမြို့ပေါ်တွင် ဗုံးပေါက်ကွဲပြီး ၃ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဖေဖေါ်ဝါရီ ၁၄ ရက် ဒီနေ့ ညပိုင်းက ဗုံးပေါက်ကွဲပြီး လူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့ တပ်ကုန်းစံပြလမ်းမကြီးအပေါ်က စားသောက်ဆိုင်အနီးမှာ ည ၇ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာမှာ လူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အနီးနားနေထိုင်သူတွေက ပြောပါတယ်။
"ည ၇ နာရီလောက်က ဆွတ်အောင်စားသောက်ဆိုင်နားမှာပေါက်တာ ဆိုင်ပိုင်ရှင်က ဗိုက်ကို ဗုံးစ မှန်သွားတယ်။ စျေးလာဝယ်တဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလည်း ဗုံးစ မှန်လို့ ဒဏ်ရာ ရသွားတယ်" လို့မျက်မြင်တွေ့ရှိသူ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဆွတ်အောင် စားသောက်ဆိုင်ပိုင်ရှင် အမျိုးသားဟာ ဗိုက်ကို ဗုံးစ ထိမှန်ခဲ့ကာ အမျိုးသမီးတစ်ဦးက ခြေထောက် ဗုံးစ ထိမှန်ခဲ့သလို အမျိုးသားတစ်ဦးကတော့ တင်ပါးမှာ ဗုံးစ ထိမှန်ခဲ့လို့ ဒဏ်ရာရှိသူတွေကို မြစ်ကြီးနား ပြည်သူ့ဆေးရုံကို ပို့ ဆောင်ထားပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားတဲ့အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညတွင်းချင်း စစ်ဆေးမှုတွေပြုလုပ်နေပြီး ဘယ်အဖွဲ့က ဖောက်ခွဲခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
မြစ်ကြီးနားမြို့မှာ ဖေဖေါ်ဝါရီ ၁၃ ရက် မနက်ပိုင်းကလည်း ပလန နယ်မြေ စစ်ကောင်စီ စစ်ဆေးရေး ရဲကင်းစခန်း ဗုံးပေါက်ကွဲခဲ့ပါတယ်။