close

ထိုင်းတွင် စားသုံးရန်မသင့်သော အန္တရာယ်ရှိ အသားချောင်း တံဆိပ် ၁၃ မျိုး ထုတ်ပြန်

ထိုင်းနိုင်ငံမှာ ဒီလဆန်းပိုင်းက ဟော့ဒေါ့တ် အသားချောင်းတွေ စားသုံးမိလို့ လူတချို့အစာအဆိပ်သင့်ခဲ့ပြီးနောက်  စားသုံးရန်မသင့်သော အန္တရာယ်ရှိ အသားချောင်း တံဆိပ် ၁၃ မျိုး ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံစားသုံးသူများ ကာကွယ်ရေးဌာနနဲ့ FDA အစားအစာနဲ့ဆေးဝါးဌာနတို့ကလည်း အသားချောင်းထုတ်လုပ်တဲ့ အလုပ်ရုံတွေကို သွားရောက်စစ်ဆေးပြီး ကျန်းမာရေးနဲ့မညီညွတ်တာ၊ တရားမဝင်ထုတ်လုပ်တာတွေကို အရေးယူခဲ့ပါတယ်။

ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင်က အဆိပ်သင့်လူနာတွေစားသုံးခဲ့တဲ့ အသားချောင်း ၄ မျိုး ( ရစ်ထိဟော့ဒေါ့တ့် ၊ ဖုဒ်လောင်းနဲ့ တံဆိပ်တပ်မထားနဲ့  ၂ မျိုး) တို့ကို ဓာတ်ခွဲခန်းပို့ပြီးစစ်ဆေးရာမှာ အစားအစာတာရှည်ခံအောင်  အသုံးပြုတဲ့ဓာတုပစ္စည်း အဆပေါင်း ၃၅ မှ ၄၈ ဆထိ ထည့်သုံးထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ထုတ်လုပ်သူတွေအနေနဲ့ စားသုံးသူများကာကွယ်ရေးဥပဒေအရ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ၂ သောင်း ကျခံရမှာဖြစ်တယ်လို့ ဆေးဝါးနဲ့အစားအစာကွပ်ကဲရေးကော်မတီ FDA  တွဲ ဘက်အတွင်းရေးမှူး နိုင်းဝီရချိုင်းလွှာချိုင်းက ဖေဖော်ဝါရီ ၁၃ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်ပြီး ထိုင်းနိုင်ငံ ခရိုင်ပေါင်း ၆၆ ခရိုင်က အသားချောင်း နမူနာပုံစံပေါင်း ၁၀၂ ခုကိုလည်း ဓာတ်ခွဲခန်းမှာ စစ်ဆေးနေဆဲဖြစ်ပြီး အကုန်အဖြေ မသိရသေးဘူးလို့ ဆိုပါတယ်။ 

စစ်ဆေးတွေ့ရှိပြီးသလောက်မှာ ဆရပူရီ၊ ဥထိုင်းဌာနီနဲ့ အယုဒ္ဓယခရိုင်တို့ဖြစ်ပြီး တရားမဝင်ထုတ်လုပ်မှုနဲ့ ကျန်းမာရေးနဲ့မညီညွတ်တာကြောင့် စုစုပေါင်း ဘတ် ၄ သန်း ၃ သိန်းကျော်တန်ဖိုးရှိ အသားချောင်းတွေ သိမ်းဆည်းအရေးယူခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီထဲက အန္တရာယ်ရှိပြီး စားသုံးရန်မသင့်တဲ့ အသားချောင်း အမှတ်တံဆိပ် ၁၃ မျိုးထဲမှာ  ခဲန်မူချိစ်တံဆိပ် အခွံပါအသင့်စားအသားချောင်း၊  KC အခွံပါ ကြက်သားချောင်း၊ KC အခွံပါဝက်သားချောင်း၊ Super-Rich  တံဆိပ်နို့ထောပတ် အသားချောင်း၊ Super-Rich ရောနှောအသားချောင်း၊ Super-Zaab  အခွံပါကြက်သားချောင်း၊ ခဲင်းဂျီ ဖုဒ်လောင်းချိစ်၊  ခဲင်းဂျီ ဝက်သားချောင်း၊  KC ဝက်သား အစားအစာထုတ်လုပ်ရေး၊ KC ဥဘွန်းဝက်သားလိပ်၊  FC ဂျမ်ဘိုခလပ်စစ်၊ လိဇ် အခွံပါ ဝက်သားချောင်းနဲ့ တံဆိပ်မပါ ကြက်သားချောင်းတို့ ပါဝင် ပါတယ်။ 

အစားအစာတွေထုတ်လုပ်ဖြန့်ဖြူးမယ်ဆိုပါက GMP စားသုံးသူတွေ ဘေးရန်ကင်းရှင်း၊ သန့်ရှင်းလတ်ဆတ် စံချိန်မီထုတ်လုပ်ဖို့ လိုအပ်ပြီး  ဌာနဆိုင်ရာတွေရဲ့ ခွင့်ပြုချက်ပါမှ ဖြန့်ဖြူးရောင်းချလို့ရမှာဖြစ်ကြောင်း ၊ တရားမဝင်ထုတ်လုပ်ရောင်းချမှုနဲ့ မသမာမှုတွေရှိရင် အရေးပေါ်ဖုန်း  ၁၅၅၆ ကို ဆက်သွယ်တိုင်တန်းနိုင်တယ်လို့ FDA ကော်မတီက ပြောပါတယ်။ 

မြန်မာနိုင်ငံ ရှမ်းပြည်နယ် သီပေါ၊ ကရင်ပြည်နယ် ဘုရားသုံးဆူနဲ့ ရန်ကုန်တိုင်းတွေမှာလည်း ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံကလာတဲ့ အသားချောင်းတွေ စားသုံးပြီး အစာအဆိပ်သင့်သူတွေ ရှိခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up